![chaintthel]()
(က)
နံနက်စောစော နှင်းမှုန်ဖွဲဖွဲ ကြား ‘မိုးပွင့်’၏ နဖူးတွင် ချွေးစို့ နေပြီ။ ခြေလှမ်း သွက်သွက် လှမ်းရ ခြင်းကြောင့်ဟု ထင်သည်။ သို့မဟုတ် ဆန္ဒစောနေခြင်း ကြောင့်လည်း ဖြစ် မည်။
ဒီနေ့ ကျုံမငေး သင်္ဘော ပတ် ရှိသည်။ ရန်ကုန် ဝါးတန်းဆိပ်ကမ်း တွင် နံနက်လေးနာရီ သင်္ဘော ဆိုက် မည်။ အိမ်ရောက်ပြီးချိန် လောက် မှန်း၍ လာခဲ့ပါဟု ‘ကိုခန့် ထွန်း’ က မှာထားသည်။ သူ့အိမ်နှင့် မိုးပွင့်၏ အိမ်သည်ရပ်ကွက်၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဖြစ်သည်။ မိုးပွင့် တွေ့ချင်နေသည့် အမျိုးသမီးကြီး နှင့် ဒီနေ့ ဆုံကြမည် ဟူသော အတွေး ကြောင့် ရင်ခုန်နေသေးသည်။
ထို အမျိုးသမီးကြီးသည် အသားညိုသူ၊ အရပ်ပုသူဟု သိနှင့် ပြီးဖြစ်သည်။ အပြော ချိုသလား ခါး သလား…၊ အနေယဉ် သလားရိုင်း သလား…သိချင်စိတ်ဖြင့် မိုးပွင့် ရင် ထဲ တထိတ်ထိတ်။ ထိုအမျိုးသမီး ကြီး အတွက် နံနက်ခင်းစာ လက် ဖက်ရည်နှင့် ပေါက်စီ ဝယ်လာသည်။ နှစ်ဦးသား ဆုံလျှင် နှုတ်ဆက်ရမည့် စကားလုံးလည်း ရွေးမရ၊ မည်သို့ခေါ် ၍ မည်သည့်စကားဆိုရပါ့…။
ကွန်ကရစ်လမ်း နှစ်လမ်းကျော် လျှောက်ပြီး လမ်းကွေ့ထဲသို့ ချိုးဝင် လိုက်သည်။ စိမ်းနုနုအရောင် သံဆန်ခါ တပ်ထားသော သွပ်မိုးပျဉ် ထောင် အိမ်ထဲသို့ ခြေသံ ဖွဖွဖြင့် လှမ်းဝင် သည်။ စေ့ထားသော တံခါးမကို အသာတွန်းဝင်ပြီး ဝေ့ဝဲ ကြည့်ဖြစ်သည်။
ဧည့်ခန်း တီဗီဘက်ကို မျက်နှာ မူလျက် ထိုင်နေသော အမျိုးသမီး ကြီး၏ ကျော ကိုမြင်ရပြီ။ ဒူးတစ် ဖက်ထောင်၊ လက်တစ်ဖက် တွင် ဆေးပေါ့လိပ် ညှပ်လျက်သားနှင့်။ တီဗီမှ တေးသံရှင်ကို တငေးတမော။ မိုးပွင့်က ချောင်းဟန့်အသံပေး လျက်-
”ကိုခန့်ရေ…”
အသံမဆုံးမီပင် အမျိုးသမီး ကြီးက စွေ့ခနဲ လှည့် ကြည့်သည်။ ခြေဆုံးခေါင်းဆုံး အံ့အားတသင့် ကြည့်နေသည်မှာ ထူးဆန်း ပုံရိပ် တစ်ခု မြင်လိုက်ရသည့် ပုံမျိုး။ အတန် ကြာမှ အိမ်ထဲသို့ မေးငေါ့ ပြပြီး…
”အထဲမှာ ရှိတယ်”
လေသံပြတ်နှင့် ပြောသည်။ ခပ်ဆောင့်ဆောင့် အသံကြောင့် မိုးပွင့် မျက်ခုံးပင့်ခနဲ။ လျှပ်တစ်ပြက် မြင်လိုက် ရသည့် မျက်နှာပုံပန်း သဏ္ဌာန်မှာ နှစ်လိုဖွယ်မရှိ။ ကွမ်း ချေး များနှင့် နီစွေးစွေးသွားမှာ မညီ မညာ။ မျက်နှာပြင်ပေါ်မှ အဖု အထစ်ကျောက်ပေါက် ရာများလည်း ဟိုတစ်စသည်တစ်စ။ ခပ်စိမ်းစိမ်း ဆက်ဆံချင်ပေမယ့် အလိုက် အထိုက် ခင်မင်ပြ ရဦးမည်။ တွေး၍မဆုံးမီ အိပ်ခန်းထဲမှ ကိုခန့်ထွက်လာပြီး ပြုံးမြမြဖြင့်…
”မိုးပွင့် ဝီရိယကောင်းသားပဲ၊ လာလေ…အမေရောက်နေပြီ၊ ဒါ ကိုယ့်အမေလေ မနက်သင်္ဘောနဲ့ ရောက်လာတာ”
မိတ်ဆက် စကားဖြင့် အမေ့ကို လက်ညှိုးထိုးပြသည်။ မိုးပွင့်ခေါင်း တစ်ချက်ညိတ် ဦးညွတ်ပြီး ပြုံးမိ သည်။ အမေဆိုသော အမျိုးသမီး ၏ မျက်ဝန်း များက မိုးပွင့်၏ ဆံနွယ် များထံ အကြည့် ရောက်နေပြီ။ မနေ့ ကမှ အသစ် ပုံသွင်းထားသော ဆံနွယ်ခွေခွေ လိပ်လိပ်သည် မိုးပွင့် ၏ နဖူးပေါ် ပခုံးပေါ်သို့ ဖွာခနဲ ကျ သည်။ ကိုခန့်သည် အမေ့ဘက် လှည့် ၍ ရယ်ကျဲကျဲဖြင့်…
”အမေ ဒါက ကျွန်တော်စာထဲ မှာ ရေးထားတဲ့ ‘မိုးပွင့်ခြွေ’ဆိုတာ လေ၊ သူက ရုံးမှာ အရာရှိမလေးဖြစ် နေပြီ အမေရဲ့၊ လှတယ်မဟုတ် လား…အမေ”
မိတ်ဆက်ပေးနေသော ကိုခန့် ထံမျက်စောင်းချီလျက် အမေပြော လိုက်ပုံမှာ မိုးပွင့်ရင်ထဲ တွန့်ခနဲ ပင်။
”အင်း…အင်း လှပါ့တော်၊ ရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေနဲ့”
”အမေ့ ဝေဖန်ချက်ကို ရယ်နေ သောကိုခန့်ကြောင့် ရှက်ဝဲဝဲ ပြုံးပြမိ သည်။ ခေတ်ဆန်ခြင်းကို သဘော တွေ့ပုံမရ၊ နောက်နေ့တွင် သည် ဆံနွယ်ကို စည်ထားမှ ဖြစ်မည်။ အမှတ်လျော့သွားနိုင်သည်။
သားနှင့် လက်ထပ်မည့် မိန်းကလေး ပေမယ့် အားမနာတမ်း ပြောချ မည့်ပုံမျိုး။ မိုးပွင့် အတွက်တော့ အနေ ကျုံ့စေမည့် ယောက္ခမ လောင်းဟု မှတ်ချက်ချမိပြီ။
ဝယ်လာသော ခုနစ်လွှာ ပေါက်စီနှင့် လက်ဖက်ရည်ကို ကို ခန့်ထံပေးပြီး နီးရာခုံတွင် ထိုင် လိုက်သည်။ အမေ့ကို နောက်ကျော မှ ကြည့်ခွင့် ရသဖြင့် တော်ပေသေး။ တီဗီ ဘက် မျက်နှာမူထားသော အမေ့ကို ဝေဖန်ကြည့်လျက် ဘဝင် မကျဖြစ်နေသည်။
ဆံနွယ်စ များသည် ဖွာလန်ကျဲ ပြီး ခြောက်သွေ့သွေ့။ ဆေးလိပ်ဖွာ နေသည်မှာ မီးခိုးတလူလူ။ ထူထူ ထဲထဲ ခွေပတ်ထားသော ဆံပင် တစ်အုပ် တမကြီးမှာ သစ်သား ဘီး လေးမှ လျှံထွက်နေသည်။ စကား တိုတိုပြတ်ပြတ် ပြောတတ်ပုံသည် လည်း တောဆန်နေသည်။ သည် အမေနှင့် အတူတူ နေရလျှင် ပြောဆို ဆက်ဆံရခက် မှာ သေချာ သည်။ မုန့်နှင့် လက်ဖက်ရည် ပန်းကန် ကိုင်၍ ထွက်လာသော ကိုခန့်ကြောင့် မိုးပွင့် ဟန်လုပ်ပြုံးပြရသည်။
”အမေ မုန့်စားပါဦး၊ အမေ့ ချွေးမလောင်းဝယ်လာတာ”
အသံကြား၍ အမေလှည့်ကြည့် သည်။ မုန့်ကို ကြည့်ပြီး မိုးပွင့်ထံ အကြည့်ရောက်သည်။ ခေါင်းခါ လျက် -
”ဟေ့အေး…အမေ မကြိုက် ဘူးလေ သားရဲ့၊ ဈေးကြီးကကြီး နဲ့”
”ရန်ကုန်မှာက ဈေးမကြီးဘူး လေ၊ အမေ စားစေချင်လို့ ဝယ်လာ တာကို”
ကိုခန့်၏ စကားကြောင့် အမေ က မုန့်ကို လှမ်းကြည့်သည်။ ကြိုက် လျက်နှင့်ဈေးနှုန်းကြောင့် အားနာ စကားဆိုခြင်းဟု မိုးပွင့် နားလည် လိုက်သည်။ စားပါဦးဟု ပန်းကန် ထိုးပေးစဉ် မိုးပွင့်ကို သေချာကြည့် သည်။ အမေ့ မျက်နှာက ပြုံးတုံ့တုံ့ နှင့်။
”အေးလေ…အရာရှိမဆို တော့ ဝယ်ကျွေးနိုင်တာပေါ့။ အမေကတော့ ကျုံမငေး ပုစွန်ချဉ်နဲ့ အုန်းယိုတွေပဲ ပါတယ်။ သမီး အတွက် ဝယ်လာတာ ယူသွားလေ”
”ဟုတ်ကဲ့ အမေ၊ ကျွန်တော် ထုပ်ထားပြီးပါပြီ။ မိုးပွင့်ယူသွားမှာ ပါ”
ကိုခန့်က လက်ထဲမှ အထုပ်ကို ပြသည်။ အမေ ပြုံးကြည့်နေစဉ် အထုပ်ကို ဆွဲ၍နှုတ်ဆက်ပြန်ခဲ့ သည်။ ယူသာ ယူခဲ့ရသည်။ မိုးပွင့် ကြိုက်သည့် အစားအစာ မ ဟုတ်။ သွေးတိုးစာနှင့် ချောင်းဆိုးစာ ကို မိုးပွင့်ရှောင် ခဲ့သည်မှာ ကြာပြီ။
(ခ)
ဒီနေ့ရုံးတက်ရချိန်တွင် မိုးပွင့် ရင်ထဲ၌ ကြည်ကြည်လင်လင် မရှိလှ။
ယောက္ခမ တော်ရမည့်သူသည် တောဆန်သူ၊ ကြွားစရာ တစ်ကွက်မှ မရှိသူ အဖြစ် မှတ်ချက်ချမိတာ အမှန်။
ကိုခန့်ထွန်း နှင့် ရုံးရှေ့ လက်ဖက်ရည် ဆိုင်တွင် အတူတူထိုင်စဉ် ကလည်း သည်အမေ အကြောင်း ပြောမဆုံး။ အခု ရုံးဆင်းချိန် အတူ ပြန်တော့လည်း အမေ့ အကြောင်း ပြောပြန်ပြီ။
”အမေက သိပ်သနားဖို့ ကောင်းတာ၊ ပြည့်ပြည့်စုံစုံ မရှိတဲ့ မိသားစုထဲမှာ ချွေးမ လာဖြစ်ရတော့ သူပင်ပန်းတာပေါ့။ နာတာရှည် ယောက္ခမရော…ကျန်းမာရေး ညံ့ လာတဲ့ လင်သား ကိုရော…ပြုစုရ၊ ဆေးဖိုးဝါးခ ရှာရနဲ့ အလုပ်ကလည်း ဝါးထရံ ရက်တာ ဆိုတော့ အရမ်း ပင်ပန်းရှာတယ်၊ ကိုယ့်ပညာရေး လည်း အမေပဲ ကျောင်းစရိတ်ရှာ တာ၊ ဒါပေမဲ့ အမေ့ ညည်းညူသံ တစ်ခါမှ မကြားရဘူး”
ကိုခန့်ထွန်း ပြောသမျှ ခေါင်း ညိတ် နားထောင်နေလိုက်သည်။ သည်အမေ ရောက်နေချိန်လေး တွင် ဂရုတစိုက် ရှိစေချင်ပုံရသည်။ အမေ့ ကောင်းကြောင်း ချည်းပြောနေ သည်။ ဒါပေမဲ့ ရင်းနှီးမှု ရရန် စကားလက်ဆုံ ကျ၍ ဖြစ်မည် မဟုတ်။ ရယ်ဒီမိတ် အင်္ကျီ၊ ထဘီ စကတ်၊ ဒေါက်မြင့် ဖိနပ်နှင့် ကော့ ကြော့ကြော့ကော့ နေတတ်သော မိုးပွင့် ကို အမေ့ ဝေဖန်ရေး လျှော့ပေး မည်မဟုတ်။ အမေ့ ရှေ့သို့ သွားချိန် လေးတွင် အချိုးဒီဇိုင်းကို ပြင်ပါဦးမှ၊ သဘောမကျဘူး ဆိုလျှင် ခက်ဦး မည်။ ကိုခန့်ထွန်းက သား လိမ္မာ လေ။
ကိုခန့်ထွန်း၏ ခြေလှမ်းများ ဈေးတန်းဘက်ကနေ တရွေ့ရွေ့ လျှောက်စဉ် မိုးပွင့်မေးမိပြီ။
”ဘာတွေ ဝယ်မှာမို့လဲ၊ အတူတူ နေတဲ့ ကိုစိုးနဲ့ လှိုင်ဦးတို့ပဲ ဈေးဝယ်နေကျဆို”
ပန်းသစ်တော်သီး၊ ကြက် မောက်သီး၊ ငါးပုဏ္ဏား၊ ကိုက်လန် ရွက်၊ ကြက်ဥ၊ ကြက်သား…စသည်များ လက်ဆွဲအိတ် တစ်လုံးနှင့် အပြည့် စိတ်တိုင်းကျ ဝယ်ပြီးမှ တစ်ခွန်း ချင်းဖြေသည်။
”အမေက သူ့ရွာမှာ ဖွယ်ဖွယ် ရာရာ ချက်စားမှာ မဟုတ်ဘူးလေ၊ ဖြစ်သလိုစားနေတာ၊ ကိုယ့်ဆီ ရောက်တုန်း ကောင်း ကောင်းစား စေချင်လို့ ကိုယ်တိုင် ဝယ်ချက်မှာ”
မိုးပွင့်စိတ်ထဲမှာ သာဓုဟု ရေရွတ်မိသည်။ မွေးရ ကျိုးနပ်လေ ခြင်းဟု တွေးမိသွားသည်။ ကိုခန့်၏ အပြောကြောင့် အမေ့ကို သနား သလိုလို ဖြစ်မိသား။ ကားမှတ်တိုင် တွင် ကားစောင့်စဉ် လည်း အမေ့ အကြောင်း ဆက်ပြန်ပြီ။ ယောက္ခမ ဆုံး၊ လင်သား ဆုံးပြီးနောက် သားနှင့် လိုက်နေရန်လည်း အဆင်မပြေ။ ထို အိမ်တွင်လည်း မပျော်ပိုက် သဖြင့် မွေးရပ်မြေ ရွာလေးဆီသို့ ပြန်နေ ကြောင်း။ ဆွေမျိုးများ ရှိသဖြင့် ကြည့်ရှု အားပေးကြကြောင်း .. မဆုံးနိုင်သော ”အမေပုံပြင်”ကို တဖွဖွပြောပြနေ သည်။ မိုးပွင့်က မကြား သလိုလို ဟိုဟိုဒီဒီ ကားမျှော် သလိုလို လုပ်မှ စကားစပြတ်တော့ သည်။
စီးရမည့်ကားကို တိုးဝှေ့တက် စဉ်… ကိုခန့် အသံကို ကြားနေရ သေးသည်။
”မနက်ဖြန် ရုံးပိတ်ရက်မှာ အမေ့ကို ဘုရား လိုက်ပို့မလို့ မိုးပွင့်ရဲ့၊ မိုးပွင့်လည်း လိုက်ခဲ့နော်၊ အမေနဲ့ ရင်းနှီး သွားတာပေါ့ကွာ…”
ပြောလည်းပြော ကားထဲလည်း တိုးဝှေ့ဝင်နေသော ကိုခန့်ကို မျက်မှောင်ကြုတ် ကြည့်မိသည်။ တော်တော်လေး စိတ်ပျက်နေပေ မယ့်လည်း မရင်းနှီးချင်ပါဘူး ဟု ပြော မ ထွက်ခဲ့။ မိုးပွင့်၏ နှုတ်မှ ဟုတ်ကဲ့ဟု ပြောပြီး ခေါင်းညိတ် မိလျက်သား ဖြစ်သွားပြီ။
(ဂ)
ရုံးပိတ်ရက် ဖြစ်၍ ကိုခန့်ထွန်း တို့ သားအမိနှင့် အတူ မိုးပွင့်လည်း ဘုရားဖူးဖြစ်သည်။ နံနက်စောစော သွားကြမည့် အစီအစဉ်ကြောင့် မိုးမလင်းမီ အလှပြင်နေမိ သည့် မိုးပွင့်။ ကိုခန့် အတွက်လား… အမေ့ ကိုပြချင်၍လား…ဘာကြောင့်မှန်း မသိ ရုံးသွားသည် ထက် ပို၍ ပြင်ထားသေးသည်။
ကိုခန့်တို့အိမ်သို့ ကြော့ကြော့ လေး လျှောက်လာစဉ် လမ်းထဲမှ အသိအကျွမ်း များက စကြသည်။ ယောက္ခမ ချီးမွမ်းစေချင်၍ ပြင်ထား သည်တဲ့။ တစ်ဝက်မှန်သည်ဟု ဝန်ခံ ရမည် ထင်ရဲ့။ ကိုခန့် အိမ်ပေါက်ဝ ရောက်သည်နှင့် ကိုခန့်၏ ညီဝမ်းကွဲ လှိုင်ဦးက…
”ဟာ …မိုးပွင့်ခြွေက အရမ်းမိုက်တာပဲဗျာ၊ ကျွန်တော် တောင် လူမှားသွားတယ်၊ အဒေါ် ရေ..ဒီမှာ ချွေးမချော ရောက်နေ ပြီ။ အဒေါ့် ဆံပင်ကြီး ရှင်းလို့ မပြီး သေး ဘူးလား”
အသံကျယ်ကြီးဖြင့် နှုတ်ဆက် ပြီး အိမ်ထဲသို့ လှမ်းအော်သည်။ မိုးပွင့်၏ အနေခက်စွာ ကျုံ့ကျုံ့ ယုံ့ယုံ့ ဟန်လေးဖြစ်နေပုံ ကို သဘော တကျ ရယ်နေသေးသည်။ မိုးပွင့် လည်း နီးရာ ကုလားထိုင်တွင် ထိုင်ချ သည်။ ယပ်တောင် အလှလေး ဖြင့် တဖျပ်ဖျပ် ယပ်ခတ်နေစဉ် တရှပ်ရှပ် ခြေသံနှင့်အတူ ကိုခန့်၏ အမေက အနား သို့ ရောက် လာသည်။ မိုးပွင့် ရှေ့ရှိ ကုလားထိုင် လွတ်တစ်လုံး တွင် ဘုတ်ခနဲနေအောင် ထိုင်ချ သည်။ မျက်လုံးကျယ်ဖြင့် စူးစိုက် ကြည့်ပြီး…
”ဟယ်..ဒီကလေးမနှယ် … ဝတ်လိုက်ရင် အဆန်းချည်းပဲ၊ အင်္ကျီ် ရင်ဘတ်မှာ တွန့်တွန့်တွေနဲ့၊ ထဘီကလည်း ကျပ်ထုတ်နေတာ …ဘယ်လိုများ ချုပ်ထားလဲ မသိဘူး”
အမေ့အပြောကြောင့် မိုးပွင့် အနေခက် ရပြီ။ ကိုခန့်လည်း ရယ် ချင်ပြုံး တုံ့မျက်နှာဖြင့် မိုးပွင့်၏ အနားသို့ လာရပ်သည်။
”ကြည့်ရတာ အဆင်မပြေ ဘူးလား အမေ”
ကိုခန့်၏ အမေးကို အမေက ခေါင်းခါသည်။ မိုးပွင့်၏ ဝတ်စား ဆင်ယင်မှုကို တစ်ကျော့ပြန်ကြည့် လျက်-
”အမေကတော့ မျက်စိ နောက် တာပေါ့၊ သူနဲ့ကျတော့ ကြည့်ကောင်း နေသား”
အေးအေး တည်တည် ပြော သည့် အမေ့ကို ကြည့်၍ ရယ်မော မိကြသည်။ မိုးပွင့်မှာ ပြုံးရမလို မဲ့ရ မလိုနှင့်။ ချီးမွမ်းမှန်း မသိ ကဲ့ရဲ့မှန်း မသိပြောသော အမေ့ကြောင့် ကိုခန့်က အားနာစကားဆိုသည်။
”အမေ၊ ရိုးပုံကတော့လေ … ချီးမွမ်းစကား ကိုတောင် နားဝင်ချိုအောင် မပြောဘူး”
”ဟား…ဟား…ဟား … တော်သေးတာပေါ့။ နို့မို့ဆိုရင် နောက်တစ်စုံ သွားလဲခိုင်းဦးမှာ၊ ကျွန်တော်တို့က ခံရပေါင်း များပြီ ဗျာ”
လှိုင်ဦး၏ စကားကို မိုးပွင့် သိသည်။ အမေသဘော မကျလျှင် ထိုဝတ်စုံကို လဲခိုင်းတတ်ကြောင်း ကိုခန့်ပြောပြဖူးပြီးသား။ ခုလို မလဲ ခိုင်းသည် ကိုပင် ကျေးဇူး တင်စ ရာ ဖြစ်နေပြီ။ မိုးပွင့် စိတ်ထဲ အောင့် သက်သက်နှင့် ”ကြည့်မရလည်း မျက်နှာ လွှဲနေပေါ့”ဟု ရေရွတ်မိ သည်။ အိမ်ရှေ့တွင် ကြိုတင်မှာ ထားသည့် အငှား ကားရောက်လာ သည်နှင့် အိမ်မှ ထွက်ခဲ့ကြသည်။ ကားလေးက ဗိုလ်ချုပ်လမ်းမ အတိုင်း တရိပ်ရိပ်ပြေးပြီ။ ဒရိုင်ဘာဘေးခုံ တွင် ကိုခန့်ထိုင်၍ နောက်ခုံတန်း တွင် အမေနှင့် မိုးပွင့် အတူတူ ထိုင်သည်။ အမေ့ အကြည့်က မိုးပွင့်၏ ကျဲကျဲ ပါးပါး ဂုတ်ဝဲ ဆံပင်ပေါ်ရောက်နေပြီ။ ဘာများ ဝေဖန်ဦးမသိ၊ မိုးပွင့်လည်း ဟန် လုပ်ပြုံးဖြင့် အကြည့်လွှဲထားရ သည်။ ထိုစဉ် အမေ့ လက်တစ်ဖက် က မိုးပွင့်၏ ဆံနွယ်ပေါ်သို့ ခပ်ဖွဖွ ထိတို့လာပြီး…
”မိုးပွင့် ဆံပင်ကို အရှည်ထား ပါလား…၊ မိန်းကလေး ဆိုတာ ဆံပင်ရှည်မှ ကျက်သရေ ရှိတာ”ဟု ပြောသည်။ သည် တစ်ကြိမ်တော့ မိုးပွင့် အတော်စိတ်တိုသည် ။ဆံပင် တိုနေသောကြောင့် ကျက်သရေ မရှိတော့ သလိုလို။ အေ မ့ဘက်လှည့် မကြည့်ဘဲ ပြောချလိုက်သည်။
”အရှည်မထားဘူး၊ ရှင်းနေ ချိန်မရ တို့ကို ဖြတ်ထားတာ”
မိုးပွင့် အသံ အနည်းငယ် မာ သလို ဖြစ်သွားပုံရသည်။ ကိုခန့်က တစောင်းလှည့်၍ ဖာဖာထေးထေး နှင့်
”အမေရယ်… ရုံးဝန်ထမ်း တွေမှာ အချိန်ပို မရှိလှဘူးလေ၊ အမေ့လို ဆံရှည်တစ်အုံ တစ်မကြီး ရှင်းနေရရင် ဖြစ်မလား၊ အမေ့ဆံပင် တောင် ဒီနေ့ ရှင်းနေရတာ နဲ့ နေမြင့် သွားတာလေ၊ အဖေ သဘောကျတဲ့ ဆံပင်ကြီးကို နှမြောမနေပါနဲ့ တော့၊ အဖေမှ မရှိတော့တာ ဖြတ်လိုက် ပါလား အမေရဲ့”
ရယ် ဟဟဖြင့် ပြောသည်။ ကိုခန့် စသည်ကို အမေက တကယ် ထင်သွားသည်။ မဲ့ကာရွဲ့ကာဖြင့် တစ်ခွန်းတည်း ပြောသညိ။
”ငါသေတာတောင် မဖြတ် ဘူး”
ဘုရားရင်ပြင်တော်သို့ ရောက် ချိန်တွင် နေက အတော်ပူနေပြီ။
ခြေဖဝါးပူ၊ ခေါင်းပူပြောပြီး အပြေး တစ်ပိုင်းလျှောက်သည်။ လှုပ်လီလှုပ်လဲ့ ပဲများပြီး လျှောက် နေသော မိုးပွင့်ကို လှည့်၍ခေါ် သည်။
”ဟဲ့…သမီး၊ မြန်မြန် လျှောက်လေ မြေပြိုမှာစိုးလို့လား”
ဘုရားရင်ပြင်ပေါ်မှ ဘုရားဖူး အချို့က လှည့်ကြည့်၍ ပြုံးစေ့စေ့။ မိုးပွင့် မျက်နှာလည်း ရှိန်းခနဲ ပူသွား သည်။ ရှေ့သို့ ရောက်နှင့်နေသော ကိုခန့်ကို အမေက လက်ထဲရှိ တဘက်လေးဖြင့် ဆောင်းပေးသည်။ ကိုခန့် လက်ထဲမှ သပြေ၊ နှင်းဆီ၊ စံပယ်စသော ဘုရားပန်း များကို လည်း အမေ့ထံ ကမ်းပေးသည်။ မိဘမေတ္တာနှင့် ကျိုးနွံသော သားလိမ္မာ တို့၏ ပြယုဂ်ဟု မိုးပွင့်ရင် ထဲ ဝမ်းသာပီတိ ဖြစ်မိသည်။ အမေ နှင့်အတူ ဘုရားဝတ်ပြု၊ ပန်းလှူ၊ ဆီမီးပူဇော်၊ ရေ သပ္ပာယ်ပြီး ရွှေပြား သင်္ကန်း အတွက် ငွေလှူ ဒါန်းသည်။ နေလည်းပူ၊ ရေလည်းဆာ၊ ဗိုက် လည်းဟာ ချိန်ဖြစ်၍ တောင်ဘက် မုခ်သို့ဆင်းခဲ့ကြသည်။
ဟက်ပီးဝေါလ်အဝင်ဝရှိ စား သောက်ဆိုင်ထဲသို့ဝင်စဉ် အမေ့ခြေ လှမ်းက တွန့်ဆုတ်ဆုတ်နှင့်။ ကိုခန့် လက်ဆွဲခေါ်၍ အလယ်ကျကျ စားပွဲတွင် ထိုင်စဉ် အမေက စားပွဲ ကို ကျောခိုင်း ထိုင်သည်။ မိုးပွင့်မျက် လုံးများပြူးကျယ် သွားရပြီ။ ပျာပျာ သလဲနှင့် အမေ့ဒူးကို ကိုင်၍ စားပွဲခုံဘက် မျက်နှာ လှည့်ထိုင်ရန် ပြောရသည်။ အမေက တိုတိုပြတ် ပြတ်လေသံဖြင့်-
”အမေမှ မစားတာ”
ပြောပြီး လှည့်သွားပြန်သည်။ ကိုခန့်က ပြုံးစစဖြင့် လေ သံအေးနှင့် ချော့ပြောပြောသည်။
”မစားလည်း ဒီဘက်လှည့်ထိုင် လို့ ရပါတယ် အမေရဲ့၊ ရေသန့်လေး သောက်ဦးလေ… အခုအချိန်က မနက် ထမင်းစားချိန် ရောက်နေပြီ မဟုတ်လား၊ အမေ ဘာ စားချင်လဲ၊ ထမင်းလား…ခေါက်ဆွဲကြော်၊ ကြာဆန်ကြော်၊ နန်းကြီးသုပ်၊ ကြေး အိုး သောက်ရင်လည်း ရတယ်။ အမေကြိုက်တာ မှာလို့ရတယ်လေ …”
”ဟာ …ဈေးကြီးတာတွေ မစားချင်ပါဘူး၊ ဈေးနည်းတာ ပဲမှာ ပေး”ပြောပြီး ပခုံးပေါ်မှ တဘက် လေးဖြင့် ယပ်ခတ် သလိုလုပ်နေ သည်။ မိုးပွင့်က ရေသန့်ဘူး ဖွင့်၍ ဖန်ခွက်ဖြင့် ထည့်ပေးသည်နှင့် အားပါးတရ သောက်သည်။ မျက်လုံး အကြည့်က ဆိုင်နံရံပေါ်မှာ ကြော်ငြာ ပုံများထံ ရောက်နေသည်။ ရေသီး သဖြင့် ကျောကို အသာ ဖိ ပေး ရသေးသည်။ အင်္ကျီ လက်မောင်း ပင့်၍ နှုတ်ခမ်းပါး နားသုတ်နေပုံ ကို မြင်တော့ မိုးပွင့် လန့်သွားသည်။ တစ်သျှူးဘူးမှ တစ်သျှူး စက္ကူကို ယူပေးပြီး သုတ်ရန် ဟန်ဖြင့်ပြ ရသည်။
စားစရာများ စားပွဲပေါ်သို့ လာချစဉ် ဟိုပန်းကန် သည် ပန်းကန် လိုက်ကြည့်လျှင် အမေ အလုပ်ရှုပ် နေပြန်သည်။ အမေ့ရှေ့ကို ခေါက် ဆွဲကြော် ပန်းကန် ထိုးပေးပြီး ဇွန်း တပ်ပေးလိုက်သည်။
”အမေ အဝစားနော်၊ အမေ့ အကြိုက်တွေချည်းပဲ”
ကိုခန့်၏ အပြောကို ခေါင်း ညိတ်၍ ခေါက်ဆွဲကြော်စား သည်။ အိမ်မှာဆိုလျှင် အားပါးတရ စား တတ်ပေမယ့် ခုတော့လည်း တို့ထိ တို့ထိနှင့် စားတတ် သားပါလား ဟု မိုးပွင့်တွေး မိသည်။ အစားနည်းသူ မဟုတ်ဘဲနှင့် အမေ့ ပန်းကန်တွင် ခေါက်ဆွဲကြော် တစ်ဝက်ကြီး ကျန် နေ၏။ ‘စားဦးလေ’ ဟု တိုက်တွန်း ပေမယ့် ခေါင်းခါသည်။ ကိုခန့်နှင့် မိုးပွင့် တို့လည်း အစိမ်းကြော်၊ ထမင်း၊ ဝက်ခေါင်းသုပ် များ စား ထားသဖြင့် ဗိုက်ဝနေပြီ။ ကောင်တာတွင် ကိုခန့် ငွေ သွားရှင်းတော့ အမေ့လက်ကို ဆွဲ၍ မိုးပွင့် လည်း ထွက်ခဲ့သည်။ အမေက တွန့်ဆုတ် တွန့်ဆုတ်နှင့် -
”ဟဲ့ သမီး…၊ နေဦးလေ”
”ဘာကျန်ခဲ့လို့လဲ အမေ၊ ကိုခန့် လိုက်လာမှာပေါ့၊ သမီးတို့ ကားထဲကနေ ထိုင်စောင့်ကြမယ် လေ”
မိုးပွင့်၏ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး မေးရသည်။ အမေက မျက်မှောင်ကြုတ်လျှက်…
”ခုန ခေါက်ဆွဲကြော် တစ်ဝက် ချန်ထားတာ ယူလိုက်ဦးမယ်လေ”
ပြောလည်းပြောသည်။ ခြေလှမ်း ကိုလည်း ဆိုင်ဘက်သို့ ပြန် လှည့်သည်နှင့် လက်ကို ဆွဲထားရ ပြီ။ ကိုခန့်ရောက်လာသော အခါ ဘာကျန်ခဲ့လို့လဲ ဟု မေး သဖြင့် နှစ် ယောက်လုံး ဆွဲခေါ်ပြီး ကားပေါ် အလျင်စလို တက်လိုက်သည်။ ကားပေါ် ထိုင်မိကြတော့မှ အမေ့ကို ရှင်းပြရသည်။ စားမကုန်လျှင် ဘယ် သူမှ ပြန် မယူကြောင်း ရှက်စရာ ကောင်းကြောင်း…
မိုးပွင့်၏စကားကို တွေတွေ ငေးငေး နားထောင်ပြီး…
”ဟင်…ဒီလိုမှန်းမသိလို့ တစ်ဝက် ချန်ထားတာ အိမ်စောင့် ကျန်ခဲ့တဲ့ လှိုင်ဦး အတွက် ထုတ်ယူ သွားချင်တာဟဲ့”
မျက်စ မျက်နဖြင့် ပြောနေဟန် ကြောင့် ကားဒရိုင်ဘာက တဟင်း ဟင်းရယ်ပြီ။ ကိုခန့်လည်း ပြုံးစေ့ စေ့မျက်နှာ လွှဲပြီ။ မျက်နှာပျက်၊ မျက်မှောင် ကြုတ်နေသည့် မိုးပွင့်ကို ကြည့်၍ အမေက လေးတွဲ့တွဲ့ပြော သည်။
”နှမြောလိုက်တာအေ… ခုတောင် ထားခဲ့တာတွေ သွားပြန် စားလိုက်ချင်သေး”
စကားအဆုံး သူ့ဘာသာ သဘောကျ ရယ်သည်။ ဒရိုင်ဘာ လည်း တဟားဟားရယ်၏။ မိုးပွင့် မှာသာ ရှက်ဝဲဝဲဖြင့် မျက်နှာတစ်ပြင် လုံး ထူပူသွားတော့သည်။
(င)
အမေ ရောက်နေသည်မှာ ငါးရက်ခန့်ရှိပြီ။
ရွာမှရောက် ကတည်းက ကြာ ကြာမနေဘူးနော်ဟု နေ့စဉ် ပြော နေကျ။ ရုံးအပြန် ညနေပိုင်းများ တွင် ဗိုလ်တထောင် ဘုရား၊ ဆူးလေ ဘုရားသို့ ပို့ပြီးပြီ။ ‘ကိုခန့်နှင့် လှိုင်ဦး’ တို့က အချိန်ရသလို လိုက်ပို့ပေမယ့် မိုးပွင့်က အတူ မလိုက်နိုင်။ ရုံး အလုပ်၊ အိမ်အလုပ်နှင့် မအားလှ သဖြင့် အမေ့ထံ မရောက်ဖြစ်ခဲ့။
သည်နေ့တော့ ရုံးပိတ်ရက် တစ်ခုနှင့် ဆုံသဖြင့် ကိုခန့်အိမ် သို့ ရောက်သည်။ အမေနှင့် အေးအေး လူလူ စကားလက်ဆုံ ကျနေပြီ။ ရေနွေးဗန်းနှင့် လက်ဖက်သုပ် ပန်း ကန် ကို အလယ်မှာ ထား၍ရွာ အကြောင်းမေးဖြစ်သည်။ ‘ဘယ်သို့ နေထိုင် စားသောက်လဲ’ဟု သိချင် မိတာအမှန်။ ကိုခန့်ထံ အရောက် လာသည့် အနေအထား ကို ကြည့် လျှင် ငွေယူလာခြင်းသာ ဖြစ်နိုင် ကြောင်း တွေးမိနေသည်။
”ဒီလို သင်္ဘောစီးပြီး အရောက် လာရတာ ပင်ပန်းမှာပဲနော်”
”ပင်ပန်းရုံတင် ဘယ်ကမလဲ အေ… ဘယ်အချိန် သင်္ဘောနစ် မလဲလို့ ပူရသေးတာ၊ ဒါကြောင့် မို့လို့ မိုးတွင်း ဆိုရင် မလာဘူး။ အလုပ်ပြတ်တဲ့ နွေဦးပေါက်မှ လာဖြစ် တယ်”
အမေက စပ်စုနေသော မိုးပွင့်၏ မေးခွန်းတိုင်း ကိုလိုက်ဖြေ နေသည်။
”အမေ့ကို ကိုခန့်က ငွေမပို့ ဘူးလား”
”ပို့ပေမယ့် ခဏခဏ မပို့နိုင် ဘူးလေ၊ ရန်ကုန် မှာက စရိတ်ကြီး တော့ သူ့လစာနဲ့ မပိုလျှံဘူးပေါ့၊ အခုတော့လည်း အမေက သိပ် မလုပ်နိုင်လို့ ငွေ မစုနိုင်ပြန်ဘူး၊ အရင် ကတော့ အမေပဲ ပို့ပေးနေ တာ၊ သူငယ်ငယ် ကတည်းက ပြော နေကျလေ၊ အမေရှိရင် ငွေရှိတယ် တဲ့လေ”
စကားပြောရပ်၍ လက်ဖက်သုပ် စားပြန်သည်။ ရေနွေးငှဲ့ သောက်သည်။ လက်ဖက်လည်း ကြိုက်ပုံရသည်။ အလုပ် အကြောင်း စကားစ ပြတ်သွားစဉ် အပြင်မှပြန် လာသော လှိုင်ဦးက….
”သြော် …မိုးပွင့်ရောက် နေတာကိုး…”
နှုတ်ဆက်စကားဖြင့် အိမ်ထဲ ဝင်လာသည်။ ရေနွေးတစ်ခွက် သောက်ပြီး ”သည်ည ဗီဒီယို အခွေ ငှားပေးရဦးမလား”ဟု မေးသည်။ အမေ ခေါင်းညိတ်ပြီး ‘မိုးပွင့်ကြည့် မလား’ဟု အဖော် စပ်သေးသည်။ မိုးပွင့် ခေါင်းခါပြတော့ တအံ့ တသြနှင့် ငေးကြည့်သည်။ မိုးပွင့်က …
”မကြည့် အားသေးပါဘူး အမေရယ်…ဘာကားတွေထွက် ပြီး ဘယ်မင်းသမီးတွေ သရုပ်ဆောင် နေတာလောက်ပဲ သိတာ၊ ဂျာနယ် ဖတ်ထားလို့ သိတာလေ…၊ အမေနေ တဲ့ အမျိုးအိမ်မှာ အောက် စက်ရှိတာလား၊ အခွေတွေ ငှားကြည့် ကြတာလား”
”ဟုတ်ပေါင်အေ…အမေတို့ ရွာမှာ ဗီဒီယိုရုံ နှစ်ရုံတောင် ရှိတာ၊ တစ်ကား ငါးဆယ် နဲ့ ကြိုက်တဲ့ရုံမှာ ကြည့်လို့ ရပါ့တော်၊ အမေတော့ ထွက်သမျှကား လှိမ့်ကြည့် တာပဲ ဟေ့”
မိုးပွင့် ဘုရားတမိသည်။ ခေတ် မဆန်သော ရိုးရိုးကြီး အမေနှင့် သရုပ်ဆောင်များ အလှမ်းမဝေး သည်ကို သိလိုက်ပြီ။ ပိုစတာမြင် တိုင်းမင်းသမီး နာမည်ကို ဒက် ခနဲ ပြောခဲ့ သည်ကို သတိရမိသည်။ လှိုင်ဦးက လက်ဖက်တစ်ဇွန်း နှစ်ဇွန်း ခပ်စားပြီး ရယ်ဟဟ ပြော သည်။
”ရန်ကုန်သူ မိုးပွင့်ကတော့ နောက်ကောက် ကျန်ခဲ့ပြီဗျို့…ဗီဒီယိုဘက်မှာတော့ အဒေါ်က ခေတ်မီတယ်ဗျာ…”
”ပျင်းလို့ သွားကြည့်တာပါ ဟယ်…ကောင်းတဲ့ကားရော မကောင်းတဲ့ ကားရော ကြည့်တာ၊ ကြိုက်တဲ့ ကားဆိုရင် နှစ်ခါပြန် တောင် ကြည့်လိုက်သေး၊ မကြိုက် ရင်တော့ မပြီးခင် ပြန်ခဲ့ရော”
လက်ဟန်၊ မျက်လုံးဟန်ဖြင့် ပြောနေသည်ကို မိုးပွင့်နှင့် လှိုင်ဦး ရယ်မဆုံး။ ဘယ်ကားမျိုး မကြိုက် တာလဲဟု စကားထောက်၍ မေး လျှင် တစ်ဖွဲ့တစ်နွဲ့ ပြောပြသည်။
လက်ဖက်သုပ် စားလိုက် ရေနွေး ကြမ်းသောက်လိုက်နဲ့ ဇာတ်ရှိန် တက်လာစဉ် ငရုတ်သီးစိမ်း ဝါးမိ၍ တရှူးရှူး ဖြစ်နေသေးသည်။ အင်္ကျီ လက် ကိုပင့်၍ ချွေးသုတ်ပြီး …
”တချို့ကားတွေ ကျတော့ မင်းသားက ငယ်ငယ်၊ မိထွေးလုပ် တဲ့ မင်းသမီးက ကြီးကြီး၊ မိထွေးကို ရိုင်းရိုင်းပြန်ပြော၊ ကျုပ်အမေ အဖြစ် အစား မထိုးနိုင်ဘူး…ဘာညာဆို ပြီးတော့ ငိုယို၊ ဒေါသတွေနဲ့ နီးရာ ပစ္စည်းတွေ ခွဲလို့ခွဲ၊ ဟော…မိထွေး လုပ်သူက သူတို့ကို သား အရင်လို ချစ်မှန်းသိတော့ နောင်တရ၊ သေခါနီး မိထွေးကို ဖက် ပြီးတောင်း ပန်ဟာ…ရှုပ်နေတာပဲ၊ အဲဒီလို မင်းသား မင်းသမီးက မိဘကို ခံပြောတဲ့ ကား ဆိုရင် တစ်ဝက်ကြည့် ပြီး ပြန်တာပဲ”
ရှည်ရှည်လျားလျား ဝေဖန်ရေး ပြောပြီး မောသွားဟန်နှင့် ယပ်ခတ် နေသည်။ စာနာတတ်သူပဲ… ဟု မိုးပွင့် သတိထားမိသည်။ မိထွေးလုပ် သူကို သနား၍ ဆိုးသော သားမျိုး ကို မုန်းကြောင်းပြောစဉ် မာန်နှင့် ထန် နှင့်။ မျက်ရည်တောင် သီသီဝေ့ နေသေး။ အမေ့ဟန်ကြောင့် လှိုင် ဦးက စကားလွှဲသည်။
”ဟာ …ဝေဖန်ရေးလုပ်ငန်း စားနေလိုက်တာ လက်ဖက်သုပ် လည်းကုန်လုပြီ၊ ဓာတ်ဘူးထဲလည်း ရေခန်းပြီ၊ တရေးတမော အိပ်ချင် လည်း အိပ်ထားနော် အဒေါ်၊ ည ကျရင် အခွေသစ် ရမှာ”
ရေနွေးဗန်းနှင့် လက်ဖက် ပန်းကန်ကို အိမ်ထဲသို့ ယူသွားသော လှိုင်ဦးအား အမေက မျက်စောင်းခဲ သည် စားချင်လို့ သိမ်းသွားတာဟု ပြောသည်။ ရွာတွင်သည်လို လက်ဖက်သုပ် ကောင်းကောင်း မစားဖြစ်ကြောင်း ခပ်ညည်းညည်း ပြောသည်။ မိုးပွင့်က မေးသော အခါ မျက်စောင်းဝေ့လျက်…
”လက်ဖက်သုပ် ဆိုရုံ တော်ရိ ရော်ရိ သုပ်တာပေါ့အေ ရယ်… ကိုယ့်ဘာသာ ကိုယ်လုပ်၊ ကိုယ့် ဘာသာဧည့်ခံ၊ တစ်ခါတလေ ထမင်းနဲ့ နယ်ဖတ် တစ်နပ်ပြီး လိုက် တာ ရှိသေး၊ အလုပ် ကရတဲ့ ငွေစုရ သေးတာကိုး”
”အမေက ဘာလို့ ငွေစုတာ လဲ”
အမေ့အပြောကို မိုးပွင့် စကား ဖြတ်မေးသည်။ အမေ ခေါင်းညိတ် ပြုံး၍…
”လှူတာလည်းလှူ၊ ကိုခန့်ဆီ ကိုလည်း ဆန်လေး ဆီလေးဖြစ်ဖြစ် စားစရာဖြစ်ဖြစ် ပို့ရတာပေါ့။ ခုလို ရောက်လာတော့လည်း ပေးဖြစ်တာ ပေါ့ သမီးရယ်…”
တည်တည် အေးအေးပြော သည်ကို မိုးပွင့် ငေးကြည့်မိသည်။ သားထံ လာလည်သည်မှာ ယူရန် မဟုတ်ပေးရန် သာဖြစ်ကြောင်း သိလိုက်ပြီ။ အမေ့ကို စချင်သဖြင့် မိုးပွင့် က ရယ်သံစွက် လျက်ပြော သည်။
”ဟင်း…ဟင်း…ဒါမျိုး ငွေစုဖို့များ မခက်ပါဘူး အမေရဲ့၊ ဗီဒီယိုရုံ မသွားပါနဲ့တော့လား”
”အလိုတော် …ငွေငါးဆယ် လောက်မှ အကုန် မခံရင်လည်း အိမ်မှာ မီးခွက်ရှေ့ ငုတ်တုတ် ထိုင်နေရမှာပေါ့။ ဒီအဘွားကြီး ကို ဘယ်သူက ဧည့်ထောက်ခံ စကား လာပြော မှာလဲ၊ အထီးကျန် တာကို ခဏမေ့တာပေါ့ သမီးရယ်.. တစ်ယောက် တည်းများ နေကြည့် စမ်းပါအေ…”
မဲ့ကာရွဲ့ကာ မျက်စလေး ချီကာ ချီကာနဲ့ ပြောနေသဖြင့် မိုးပွင့်က စကားထောက်ပေးသည်။
”တစ်ယောက်တည်းနေတာ အေးတာပေါ့အမေရဲ့”
”ဟုတ်မယ် အားကြီး၊ သေချင် စိတ်ပေါက် ပါတယ်ဆိုမှ”
အမေ့ဟန်ကိုကြည့်၍ မိုးပွင့် လည်း ကျယ်ကျယ် လွင့်လွင့် ရယ်မိ သည်။ ရယ်လည်း ရယ်၊ မျက်ရည်စ လည်း အင်္ကျီလက်ဖျားနဲ့ သုတ်ရင်း အမေက စကားဆက်သည်။
”သေချာတွေးကြည့်တော့ အမေ့ ဘဝက သနားစရာကောင်း သား…ဟား..ဟား…ဟား…”
ခံစားချက်ကို ရယ်ဟန်ဖြင့် ဖုံးကွယ်သော အမေ့ နှုတ်ခမ်းများက မဲ့ယောင်ယောင်။ ခင်ပွန်းသည် ဆုံး ပြီး သားနှင့်လည်း အတူ မနေရ သော မုဆိုးမ တစ်ယောက်၏ အထီး ကျန်ခံစားမှုကို ဖွဲ့နွဲ့မပြောတတ် ရှာ….”
သူတတ်သလိုလေး ပြောပြ နေသည်ကိုက သနားစရာ…။
ကိုခန့်အမေ ရွာသို့ပြန်တော့ မည်။
ဆယ်ရက်ကို မနည်း ဆွဲထားရ ကြောင်းပြောတော့ အမေ ရယ်သည်။ ရွာသို့သယ်ရန် လက်ဆောင် ပစ္စည်း ထည့်ထားသည့် ခြင်းလည်း အတော် လေးနေပြီ။ ကိုခန့်၊ မိုး ပွင့်နှင့် လှိုင်ဦး တို့ သုံးယောက် ဝယ်ပေးထား သော ပါတိတ် ထဘီ၊ အင်္ကျီစ၊ ကိတ်ခြောက်၊ မုန့်မျိုးစုံနှင့် သစ်သီး မျိုးစုံ။ အမေက ခြင်းကိုဆွဲ၍ ”အို့”ဟု ညည်းသည်။
”အလေးကြီးပါလား သားတို့ ရယ်…မသယ်နိုင်ဘူး လို့ ပြော ထားသားနဲ့အလကား ငွေကုန် ခံကြ တာကိုး၊ မုန့်တွေလျော့လိုက်ဦး”
တဖျစ်တောက်တောက် ပြောနေသည့် အမေ့ကို ကိုခန့်က ပြုံးစစဖြင့်…
”အမေရွာ ကလာတော့ သယ် လာတဲ့ ပုစွန်ချဉ်၊ ငါးသလောက်ဥ ကြော်၊ ပုစွန်တုပ်၊ ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ် နဲ့ ကောက်ညှင်းဆန်တွေ ကရော မလေးလို့လား၊ အမေ က အလကား ရလာတာ တစ်ခုမှ မပါ ဘူး မဟုတ်လား…”
အေးအေးလေးပြောတော့ အမေ မျက်စောင်းဝေ့သည်။ ပေး သာပေးချင်၍ မယူရက်သော အမေ့ စေတနာကို မျက်စောင်း မှ အဓိပ္ပာယ် ဖော်နိုင်သည်။ အမေနှင့် အတူတူ အားလုံး ထမင်းစား ကြသည်တွင် ဟင်းကို ကိုခန့်၏ ပန်းကန်ထဲသို့ ထည့်ပေးလို့မဆုံး။ မိုးပွင့်နှင့် လှိုင်ဦး တို့၏ ပန်းကန် သို့လည်း ထည့်သည်။ ဈေးကြီးပေး ဝယ်ချက် သည် ကို သိ၍ မျိုမကျဟု ပြောသေးသည်။
ထမင်းစားပြီး မိုးပွင့်က သိမ်း ဆည်းပေးနေစဉ် အမေက ဆံပင် တစ်ထွေးကြီး ကို ဖြေချသည်။ အုန်းဆီရွှဲရွှဲ လူး၍ ဖြီးသင်နေပြန် သည်။ ဆံပင် တစ်ခါဖြီးလျှင် ကြာ တတ်သော အမေ့ကို လှိုင်ဦးက စ သည်။
”ခုချိန်ကစပြီး အလွန်ထူထဲ ရှည်လျားသော ဆံပင်ကို ရှင်းပါ တော့မယ်ခင်ဗျား…။ ဒီနေ့ သင်္ဘော နဲ့ မမီလည်း နောက်နေ့ သင်္ဘော နဲ့မှ ပြန်ပါတော့မယ် ခင်ဗျား…”
အစီအစဉ် ကြေညာသလို လေသံမြှင့်၍ ပြောသည်။ မိုးပွင့် လည်း ရောယောင် ရယ်မောရင်းမှ
”ဟုတ်ပါ့ လှိုင်ဦးရယ်… တစ်နေ့ တစ်နေ့ ဒီဆံပင်ကြီးပဲ ရှင်း ရတာ အချိန်ကုန်ပါရဲ့။ ရန်ကုန် မှာ ဆံပင်တွေ ဝယ်တဲ့ လူရှိတယ် လေ၊ မိုးပွင့် ဆံပင် အဲဒီလောက်ကောင်း ရင် ဖြတ်ပြီးတော့ ရောင်းလိုက်မှာ ပဲ”
မိုးပွင့်ပြောသည့် စကားကြောင့် အမေက မျက်လုံးလေး ပြူးတူးပျာ တာ လုပ်လျက်…
”ဟယ်… မဖြတ်နိုင်ပါဘူး၊ အမေတို့ ရွာဘက် လည်း ဆံပင်ဝယ် တဲ့လူတွေ လာကြသားပဲ၊ အမေ့ကို ရောင်းမလား ရောင်းမလားနဲ့ မေး လို့မေး ၊ ဈေးကောင်းကောင်း ပေး မယ် ပြောလည်း ပြောနဲ့ ခဏ ခဏလာ လာမေးတော့ စိတ်တိုပြီး တုတ်ထည့်လိုက်မှ ပြေးရော၊ နောက် ဆို မေးကို မမေးရဲကြတော့ဘူး”
ဒေါသသံ စွက်နေသော အမေ့ အပြောကို အားလုံး က ဝိုင်းရယ်ကြ သည်။ အစသန်သော လှိုင်ဦး က တဟားဟား ရယ်လျက် ဘယ်လို တုတ်လိုက်လဲ ဟု မေးသည်။ ထုံးစံ အတိုင်း အမေက မာန်ပါပါ ခါး ထောက်လျက်
”ဟဲ့…ဆံပင်ဝယ်တဲ့ လူတွေ၊ ဒီလို ဆံပင်မျိုး လိုချင်ရင်၊ ဒီလို လင်မျိုး ရှာထားပါလားလို့ အော် ထည့်လိုက်တယ်”
”ကောင်းရောဗျာ…”
လှိုင်ဦးက လက်ခုပ် လက်ဝါးတီး ၍ ရယ်သည်။ အမေကတော့လုပ်ပြီ ဟု ကိုခန့်က ခပ်ပြုံးပြုံး ငြီးသည်။ နဖူးကို ရှုံ့နေအောင် မျက်မှောင် ကြုတ်ထားသော မိုးပွင့် မှာသာ အကြောင်းရင်း ကို မသိဖြစ်နေ သည်။
”ဘာဆိုင်လို့လဲ အမေရယ် …”
စောဒက တက်နေသည့် မိုးပွင့် ကိုကြည့်၍ လှိုင်ဦး ရယ်သည်။ ပြီးမှ…
”ဆိုင်တယ် မိုးပွင့်ရေ…မယုံ မရှိနဲ့၊ ကိုခန့် အဖေက အဲဒီဆံပင် ရှည်ကြီး သရော်ကင်ပွန်းနဲ့ လျှော် ပေးတာဗျာ…ဆံဖျား အထိ အုန်း ဆီလိမ်းပေးတာဗျာ… ဘယ်တော့ မှ မဖြတ်နဲ့ လို့ တဖွဖွပြောနေခဲ့တာ ဗျာ၊ ဒါကြောင့် တမလွန်ကနေ လာရိုက်မှာ စိုးလို့ တစ်သဝေမတိမ်း လိုက်နာနေတာ မိုးပွင့်ရေ…”
ရှည်လျားစွာ ဖော်ကောင်လုပ် သည်။ လှိုင်ဦးကို အမေ မျက်စောင်း ခဲစဉ် မိုးပွင့်က နဖူးနှင့် လက်ဝါးကို အလေးပြု သလိုလုပ် လျက်…
”လေးစားပါတယ် အမေ…” ဟုပြောရင်း ရယ်သည်။
သင်္ဘောဆိပ် ဆင်းချိန် နီးပြီဖြစ် ၍ ကိုခန့်နှင့်လှိုင်ဦးက အမေ့ကို ကန်တော့၏။ မိုးပွင့်ကတော့ အသာပင် ကြည့်နေလိုက်သည်။ ဘာမှ မတော်စပ်သေးဘဲ နဲ့ အပို မလုပ် ချင်။ သားကို ချစ်သော မိခင်၊ လင်းသားကို ရိုသေသော ဇနီး ကောင်း တစ်ယောက် ဖြစ်ပေမယ့် ကန်တော့ ထိုက်သည်ဟု မထင်။ အမေက ကန်တော့နေသော သား နှင့် တူကို ဆုတွေပေးရင်း မျက်ရည် တွေတွေ ကျနေသည်။
”အမေ…အသက် ကြီးပြီ သား …မျက်စိလည်း မကြည်လင် တော့ဘူးပေါ့လေ…၊ သား မျက်နှာ ကိုတွေ့ဖို့ အခုလို တစ်နှစ်တစ်ခေါက် လာနိုင်မယ် မထင်ဘူးကွယ်…၊ သား လိုတာရှိ ရင်တော့ လူကြုံနဲ့ မှာ လိုက် နော်….”
တုန်ရီသော အသံဖြင့် အမေ ပြောတော့ ကိုခန့်လည်း မျက်ရည် လည်ပြီ။
”မမှာပါဘူး အမေရယ်…ပို့ခြင်းပို့ သားတို့ ကပို့ရမှာပါ…”
နဖူးပွတ် သလိုလို …ဆံပင် သပ်တင်သလိုလိုနှင့် ကိုခန့်က ခေါင်းငုံ့ပြောသည်။ အမေ့ကို သနားနေပုံ ရသည်။ အမေ့ထံမှ မကြာခဏ လူကြုံပေးတတ် သည့် ငွေနှင့်ပစ္စည်း များကို မြင်ယောင် မိ သည်။ ဘယ်လို နည်းနှင့် ငွေတွေရှာ ဖွေ စုဆောင်း ထားပါသလဲ …ဟု ကိုခန့် ကို မေးလိုက်တိုင်း အဖြေမရှိ၊ အမေ့ကို မေးလျှင် သမ္မာ အာဇီဝဖြင့် ရထား သည့်ငွေဟု ဖြေကြောင်း ကို ခန့်ပြောဖူးသည်။ အမေ ကတော့ ငွေပို့ပေးရန် တစ်ခါမျှ တောင်းဆို ခြင်းမရှိ၊ သားပြည့်စုံလျှင် ကျေနပ် သည့် အမေ…ဟု ကိုခန့်ပြော ဖူး သည်။ ခုလည်း ကိုခန့်၏ စကားကို လက်တကာကာဖြင့်…
”မပို့နဲ့၊ မပို့နဲ့ အမေက ငွေမလို ပါဘူး သားရယ်… အချိန်အား ရရင်သာ အမေ့ဆီ တစ်ခေါက် လောက်လာခဲ့ပါဦး…ခုလို တစ်သွေး တစ်မွေး ခန့်ညားနေတဲ့ သား အရာရှိကို ရွာထဲ ပတ်ပြီး အမေကြွားချင် လွန်းလို့ပါ သားရယ် …”
မျှော်လင့် တကြီး တောင်းဆို နေသော အမေ့ မျက်ဝန်းက မှိုင်းမှိုင်း ညို့ညို့။ ကိုခန့်ကတော့ ကျွန်တော် ကြိုးစားပါ့မယ် ဟုသာ လေးတွဲ့တွဲ့ ပြောသည်။ သားကို ကြည့်မဝ ဟန်ဖြင့် စေ့စေ့ စူးစူး ကြည့်နေရှာသော အမေ့ကို မိုးပွင့် သနားနေသည်။
”ကြွားစရာ ရှားလို့ အမေရယ် …”ဟု အပြစ်ဖွဲ့သံဖြင့် ပြောတော့ အမေ ပြုံးတုံ့တုံ့ ခေါင်းညိတ်သည်။
”ဒီလိုပေါ့ သမီးရယ်…အမေ့သား အကြောင်း သူတို့က စပ်စုကြတယ်လေ၊ ငွေမပို့ဘူးလား …၊ စားစရာ မပို့ ဘူးလား …နဲ့ သားဆီက နည်းနည်း ပို့ရင် အမေက များများ ကြွားလိုက်တာပဲ၊ သူတို့ ရိုက်စစ်နိုင် တာမှ မဟုတ် တာ”
အမေ့ အပြောကြောင့် မိုးပွင့် နှင့် ကိုခန့်တို့ ရယ်မောမိ ကြပြန် သည်။ လှိုင်ဦးက ”မနိုင်ဘူး”ဟု ခေါင်း တစ်ခါခါဖြင့် ခပ်မဲ့မဲ့ နောက် ပြောင်သည်။ အငှား ကားဖြင့် သင်္ဘောဆိပ် သို့ လာရာလမ်း တစ် လျှောက်တွင်လည်း မှာလို့မဆုံး။ ကျန်းမာရေး ဂရုစိုက်ရန်၊ လုပ်ငန်း ခွင်တွင် လူအများနှင့် သင့်မြတ်ရန်၊ လိုတာ ရှိလျှင်မှာရန် …စ သည်ဖြင့် တဖွဖွ တတွတ် တွတ်။
အမေသည် ရိုးရိုး အအ၊ ရုပ် မချော၊ အပြောမချိုသော တော သူမဖြစ်သည်။ ထိုတောသူမ ၏ နှလုံးသားသည်လည်း သားကို ချစ် ခြင်းဖြင့် နူးညံ့နွေး ထွေးနေတာ အမှန်။
သင်္ဘောပေါ် ပစ္စည်းတင်၊ အမေ့အတွက် နေရာ တစ်နေရာစာ အခင်းတွင် နေသား တကျ ထိုင်စေ ပြီးပြန်၍ နှုတ်ဆက်ရသည်။ မျက် ရည် သီသီ ဝေ့နေသော အမေ့ မျက် ဝန်း ကို မမြင် ဟန်ဆောင်၍ ဘော တံတားပေါ် သို့ ပြန်တက်ခဲ့ ကြသည်။ သင်္ဘောထွက် မှ ပြန်မည်ဟု ကိုခန့် ပြောတော့ မိုးပွင့်လည်း ရပ်နေ လျက်ပင် အချိန်ဖြုန်း ရသည်။
ဥသြသံရှည် ဆွဲပြီး သင်္ဘောကြီး ထွက်သွားမှ အမေ့ကို လက်ပြနှုတ် ဆက်ကြသည်။ အမေ့ လက်ဖဝါး လေး ကတော့ ဟိုး… အဝေးအထိ တလှုပ်လှုပ် ဝှေ့ ယမ်းနှုတ် ဆက်နေ ဆဲ…။
(ဆ)
ကိုခန့်နှင့် မိုးပွင့်ခြွေ ၏ မင်္ဂလာ ဆွမ်းကျွေးအတွက် မိုးပွင့်၏ မိဘ များအလုပ်ရှုပ်နေကြသည်။
ဆရာတော် အားလပ်မည့်ရက်၊ မိုးပွင့်တို့ ရုံးပိတ်ရက်၊ ပြဿဒါး လွတ် မည့်ရက်၊ မိုးလေကင်းစင်မည့် ရက် စသည်…စသည်ဖြင့် ချိန်ဆရွေး ချယ်ရသည်။ ထိုရက်ကောင်း ရက် မြတ်သည် ဝါမဝင်မီ သုံးရက် အလို ဖြစ်နေပြီ။
ကိုခန့်က ကျုံးမငေး သင်္ဘော ထမင်းဆိုင်မှ ကိုဖြိုးကြီးနှင့် လူကြုံ မှာသည်။ ‘အမေ ဆက်ဆက်လာခဲ့ ပါ’ ဟု။ လွန်ခဲ့သော တစ်ပတ်ခန့် မှပင် ကြိုတင် မှာထားသော်လည်း အမေ ရောက်မလာ။ ခုလည်း သင်္ဘောဆိပ်သို့ ထပ်သွားပြန်ပြီ။ အမေ့ကို လာစေချင်သည့် ဆန္ဒကြောင့် လူကြုံမျှော်ရ၊ ဖုန်းမျှော်ရ၊ ဘယ်အချိန် ရောက်ချ လာမလဲ ဟု တွေးရနှင့် စိတ်မောရတာ အမှန်။ အိမ်ရှေ့ ကွက်လပ်ကို ရှင်း၍ ပန်းအိုးများ ရွှေ့နေသည့် လှိုင်ဦးက….
”ဒီလို မိုးရိပ်တွေ ညိုနေရင် အဒေါ်က သင်္ဘော မစီးရဲတော့ဘူး လေ၊ ရန်ကုန် ကို လာနိုင်ပါ့မလား တောင် မသိဘူး”
ကောင်းကင် ညို့ညို့ကို မော့ ကြည့်လျက် ပြောသည်။ အိမ်တွင်း အလှဆင်ရန် ပန်းစက္ကူ များကပ်နေ ရင်းမှ မိုးပွင့် သိချင်တာလေး မေး လိုက်သည်။
”လှိုင်ဦးတို့ အိမ်မှာ ကိုခန့်အမေ ကို ခေါ်ထားလို့ ရသားနဲ့ ဘာလို့ ခေါ်မထားလဲ”
”ခေါ်ပေမယ့် အဒေါ်က မနေ ချင်တာလေ…ရွာမှာ သူ့ညီမ အိမ်ဘေး ကွက်လပ်မှာ အိမ်လေး ဆောက်ပြီးနေတယ်။ ပျဉ်ခင်း၊ ဝါး ထရံကာ၊ ဓနိမိုးပေါ့၊ ကျုံမငေး မြို့ ပေါ်က အိမ်လေး ရောင်းပြီးတာ ကြာလှပြီ၊ ကိုခန့်အဖေ ဆုံးပြီး ကတည်းက တစ်ယောက်တည်း မနေချင်ဘူး ဆိုပြီး ရောင်းသွားတာ၊ ဈေးမရ လှပါဘူး၊ ကိုခန့် အဖေနေ မကောင်း တုန်းက အကြွေးတွေ ဆပ်ရတာ ကုန်ရောပေါ့”
‘လှိုင်ဦး စကားရပ်ပြီး မြေညှိ နေသည်။ မိုးပွင့် ရင်ထဲ တအုံနွေးနွေး နှင့်။ ကိုခန့်ကို ချစ်လှသည့် အမေက ဘာကြောင့် သားနှင့် မနေပါလိမ့်၊ ရန်ကုန် စားစရိတ် ကြီး ၍ ခေါ် မထား နိုင်ခြင်းလား။ ကိုခန့် အိမ်ထောင်ကျ ပြီးလျှင်ရော လာနေမည့် စိတ်ကူးရှိ လား၊ တွေး၍ အဖြေမပေါ်။
”ကိုခန့် အိမ်ထောင် ကျပြီးရင် တော့ အတူတူလာနေမယ် ထင်တယ်နော်”
ဘာကြောင့် သည်မေးခွန်းမျိုး မေးမိမှန်း မသိ၊ လာနေစေချင်၍ မဟုတ်မှန်းတော့ မိုးပွင့် ဘာသာသိ နေသည်။ ယောက္ခမနှင့် အတူနေရ လျှင် တောဆန်သူနှင့် မြို့ဆန်သူ ၏ ဆန့်ကျင်ဘက် ကြား ကိုခန့် အသက် ရှူမှားနိုင်သည်။ မိုးပွင့်၏ အမေး ကိုလှိုင်ဦး က တွေးတွေးဆဆဖြင့် …
”လာနေမယ် မထင်ဘူး မိုးပွင့် ရဲ့၊ ရွာမှာက အဒေါ့် ညီမ အရင်း ရှိတယ်၊ အမျိုး အရင်းတွေ ရှိတယ် လေ၊ တူ၊တူမ အရင်းတွေ လည်း အကူ အထောက် ရနေတာကိုး”
”ဘာပဲဖြစ်ဖြစ် လှိုင်ဦးရယ် …သား အရင်းလောက်တော့ ကောင်းနိုင်ပါ့မလား…သားအမိ နှစ်ယောက် လှမ်းမပူနေရဘူးပေါ့ နော်”
မိုးပွင့်က ကိုယ့်အတွေး နှင့် ကိုယ် ပြောသည်။ သားအမိနှစ် ယောက် အတူနေလျှင် စားအိုးလည်း တစ်အိုး တည်းဖြစ်မည်။ ကုန်ကျ စရိတ်လည်း သက်သာမည်။ အိမ် ထောင် ကျပြီးနောက် အတူတတူ နေလျှင် ကိုယ်က ထောက်ပံ့ရ သက် သာမည်။ မိုးပွင့် အတွေးမဆုံး မီ လှိုင်ဦးက အနားသို့ လျှောက်လာ သည်။ မျက်နှာချင်း ဆိုင် ခုံ တစ်လုံး တွင် ဝင်ထိုင်ပြီး သက်ပြင်း ချနေသည်။ အတော်ကြာမှ တိုးတိုး ညင်ညင်သာ ပြောသည်။
”အဲဒါပြောတာပေါ့….ဝမ်း နဲ့ မလွယ် သားမမယ် ဆိုတာလေ…အဒေါ်က သူ့ဘဝ တစ်ခုလုံး ကိုခန့် တို့ သားအဖ အတွက် ပေးဆပ်ခဲ့တာ ….လင်ပါသား ဆိုပေမယ့် ကိုခန့် သိပ် ချစ်ခဲ့တယ်။ အင်း… အမေ အရင်း ဆိုရင် ဒီလို တစ်ယောက် တစ် ကွဲလည်း နေဖြစ်မှာ မဟုတ်ဘူးပေါ့ မိုးပွင့်ရယ်…”
”သြော်…အဲဒီလိုလား.. ဒါတွေကို မိုးပွင့် မသိခဲ့ဘူး”
အံ့အားသင့်သည် ဆိုခြင်းထက် ကရုဏာဖြင့် မိုးပွင့်ရင်ထဲ မွန်းကျပ် ရှုပ်ထွေး သွားသည်။ အသွေး အမွေး မတူသော သားအမိ နှစ်ယောက်ကို အရင်းအချာ မဟုတ်ဟု သံသယ မဝင်ခဲ့ဖူးပါ…။ သားနှင့်အတူတူ နေရန် မိုးပွင့်ပြောစဉ်က အမေခေါင်း တစ်ခါခါနှင့်။ ရန်ကုန်တွင် မပျော် ကြောင်းသာ ပြောသည်။ ထူးခြား သော ပတ်သက်မှု မျိုး ရှိနေခြင်းကို စကားပင်မဟခဲ့။ သားကို ချစ် သည့် စိတ်ကြောင့် သွေးကွဲစကား မပြောရက်သော အမေ…။ သား အတွက် သာတွေး၍ အဝေးတွင် ဒုက္ခ သောက ခံ စားနေသည့် အမေ …၊ သနားကြင်နာ စိတ်များ ဖြင့် အကြိမ်ကြိမ် ဦးညွတ်မိတော့သည်။
မိုးပွင့်ခြွေတို့ မင်္ဂလာဆွမ်းကျွေး ရန် တစ်ရက်အလိုအထိ
‘အမေ’ ရောက်မလာ။ မေးသမျှလူ ကို မျက်မှာမပျက် ဖြေနေရသည်။ ကိုခန့်လည်း သင်္ဘောဆိပ်ချိန် အရုဏ်ဦးတိုင်း လည်တဆန့်ဆန့်။ မိုးပွင့် ကတော့ သက်ပြင်း တချ ချဖြင့် ရင်မောနေပြီ။ စားစရာ ထည့်ထား သည့် ခြင်းကြီးဖြင့် ရောက်ချလာ လေမလား ဟုလည်း တွေးနေမိသေး သည်။
”လာတော့မှာပါ…ဒီသား မျက်နှာ ညိုမှာ ကို ပူပန်တတ်တဲ့ အမေပဲ”
လှိုင်ဦးက ဖြေသိမ့်စကားဆို သည်။
”နေမကောင်း ဖြစ်နေမလားလို့ ပူနေတာ…အမေ အသက်ကြီးပြီ သား…လို့ ခဏ ခဏ ပြောနေ တာ၊ အလုပ် ပင်ပန်းတဲ့ ဒဏ်၊ အာဟာရ ပြည့်ပြည့်ဝဝ မစားတဲ့ ဒဏ်တွေ က ခုမှ အစွမ်းပြမှာ စိုးလို့ လှိုင်ဦးရေ…အမေ့အကြောင်း မင်းလည်း သိသားပဲ၊ တစ်ယောက် တည်း ကြုံသလိုစားနေတာ”
ကိုခန့်က စိုးရိမ်စွာ တွေးတွေး ဆဆ ပြောနေသည်။ လက်ထဲတွင် လည်း အမေ့အတွက် ဝယ်ထားသည့် ချုပ်ပြီးသား ပါတိတ် ထဘီတစ်ထည် ထည့်ထားသော အိတ်နှင့်။ နွမ်းနွမ်း ဖတ်ဖတ် နေတတ်သည့် အမေ့ အတွက် စီစဉ်ထားခြင်းပါ။ သပ်သပ် ယပ်ယပ်နှင့် ဝတ်ဆင်ပြီး ခေါင်း ရင်းမှာ ထိုင်နေလျှင် ကျေနပ်ပြီ…။ ဒါ ကျွန်တော့် အမေလေ… ဟု ပြချင်သည်တဲ့။ ကိုခန့်ကို အိမ်ထောင် ရက်သား ချပေးပြီးမှ မိဘဝတ္တရား ကျေမည်ဟု ယူဆထားသော အမေ …။ ကိုခန့်၏ မင်္ဂလာ ဆွမ်းကျွေး ကို မျက်ဝါး ထင်ထင် မြင်ချင်ရှာ လိမ့်မည်။
”နက်ဖြန် သင်္ဘောနဲ့များ ပါလာ မလားမသိဘူး”ဟု မိုးပွင့်ပြော တော့ ကိုခန့်ခေါင်းညိတ်သည်။
‘ထင်တာပဲလေ’ ဟုဇဝေဇဝါ ပြော သည်။ နက်ဖြန် နံနက် မင်္ဂလာဆွမ်း ကျွေးအမီ အမေ ရောက်စေချင်မည် ဟု မိုးပွင့် တွေးမိသည်။ မွန်းလွဲချိန် လောက်တွင် ကျုံမငေး သင်္ဘော ထမင်းဆိုင်မှ ကိုဖြိုးကြီး ရောက်လာ သည်။ သူ့မျက်နှာထားက တည်ငြိမ် နေသည်။ ခါတိုင်းလို ရယ်ရွှင်သံဖြင့် စကား တဖောင်ဖောင်မပြော။ သူ့ လက်ထဲမှ စာအိတ် ရှည်ထူထူ တစ် အိတ်ကို ကိုခန့်ထံ လှမ်းပေးသည်။ စာအိတ်ကို ပတ်ထားသည့် စာရွက် လေး တစ်ရွက်ပါလာ၍ ကိုခန့်က ဖြန့် လိုက်သည်။ စာ တိုလေးနှစ် ကြောင်း ရေးထားသည်။ နှစ်ယောက် အတူ ခေါင်းချင်း ဆိုင်၍ ဖတ် သည်။
”သား…
မိုးဦးလေဦးမို့လို့ အမေ မလာ နိုင်ဘူး၊ သားတို့ မင်္ဂလာ စရိတ်မှာ သုံးဖို့ အမေနိုင်သလောက် ငွေပို့ လိုက်တယ်၊ အမေ့အတွက် မပူနဲ့…သားတို့ရဲ့ အမေ”
စာက ဒါပဲပါသည်။ ကိုဖြိုး ကြီးက စာအိတ် ကို မေးဆတ်ပြ လျက်…
”ငွေအိတ် ဖွင့်ကြည့်ပါဦး” ဟု ပြောသည်နှင့် ကိုခန့်က ဖွင့်ကြည့်ရာ ငွေငါးသောင်းကျပ် တိတိဟု ရေး ထားသော စာရွက်နှင့် ငွေစက္ကူ အထပ်လိုက်။ မိုးပွင့်နှင့် အတူ ကိုခန့် လည်း အံ့အားတသင့် မျက်လုံး အဝိုင်းသားနှင့်။ သည်ငွေကို ဘယ် လိုနည်းနှင့် များအမေ စုဆောင်းပါ သလဲဟု တွေးကြည့်မိသည်။ ကိုဖြိုး ကြီးက အမောပြေ ထိုင်၍ မိုးပွင့် ဧည့်ခံသော လက်ဖက်ရည်နှင့် မုန့် ကို စားရင်းမှ စကားတွေ ပြောနေ သေးသည်။
ကိုခန့် မင်္ဂလာဆောင်တော့ မည့် အကြောင်း၊ ချွေးမလောင်းလေး သိပ်ချောကြောင်း…အမေက တစ်ရွာလုံး လျှောက် ကြွားသည်တဲ့။ အတော်ကြာမှ…
”သြော် …ကိုခန့် အမေက ယောဂီ ဝတ်ပြီးပြီလေ…၊ ရွာထိပ် ဥပုသ်ကျောင်းမှာပဲ ရာသက်ပန် တရားစခန်း ဝင်တော့မယ်တဲ့”
အေးအေးလူလူ ပြောနေပေ မယ့် မိုးပွင့်ရင်ထဲ သိမ့်ခနဲ ပူသွား သည်။
”ဟင်..ချက်ချင်းကြီးပါ လား”
မိုးပွင့်က မယုံမရဲ ပြောမိသည်။ ကိုခန့်လည်း မျက်စိ မျက်နှာပျက် နှင့်။
”အမေကလည်းလေ…ဘာမှ မတိုင်ပင်ဘဲ လုပ်ချလိုက်ပြန် ပြီ”
ကိုခန့် အသံက စိတ်လျော့ အားငယ်သံ၊ မျှော်သာမျှော် မပေါ် လာသည့် အပြင် အထင်မှတ်သော သတင်း စကားကြောင့် တုန်လှုပ်သွား ပုံရသည်။ သူ့မျက်ဝန်းက မှုန် ဝေဝေ…၊ သူနွမ်းမောစွာ သက် ပြင်းချလျက် ကိုဖြိုးကြီးကို စူးစမ်း ကြည့်နှင့်…
”အမေ …တကယ်နေ ကောင်းရဲ့လားဟင်…ကိုဖြိုး ကြီး”
ပူပန်စွာမေးသည်။ ‘ကိုဖြိုးကြီး က နေတော့ကောင်ပါတယ်’ဟု ခပ် လေးလေး ဖြေသည်။ ရေနွေး နှစ် ခွက်ဆင့်သောက်ပြီး ပြန်တော့ မည်ဟု နှုတ်ဆက်ရင်းမှ…
”မိုးဖွဲဖွဲကြားမှာဗျာ… ယောဂီ တဘက်လေး ကတုံးပေါ်တင် ပြီး သင်္ဘောဆိပ် ကို ဆင်းလာတာ လေ …ဒီစာအိတ်ကို ဒီနေ့ရောက် အောင် ဆက်ဆက် ပို့ပေးပါတဲ့”
ကိုဖြိုးကြီး၏ စကားကို ကြား သည်နှင့် နှလုံးသားတစ်ခုလုံး ဆွဲ ကိုင် ဖျစ်ညှစ်သလို ခံစားလိုက်ရ သည်။ ကိုခန့်လည်း လဲပြိုလုလု တုန်ရီလျက် လက်ထဲမှ အထုပ်ကို ကျစ် ကျစ်ပါအောင် ဆုပ်ထား သည်။ နှစ်ဦးသား အကြည့်ချင်း ဆုံစဉ် ကိုယ်စီ မျက်ဝန်း၌ မျက်ရည်စများ သီသီဝေ့နေပြီ။
ကိုခန့်က ငွေထုပ်ပေါ် နဖူးကို ငုံ့ချရင်းမှ…
”အမေ…အမေရယ်…” ဟု တမ်းတမ်းတတ ရေရွတ်နေသည်။ မိုးပွင့် အတွေးတွင် ဆီခန်းနေသော် လည်း နောက်ဆုံး အချိန်ထိ လောင် ကျွမ်းရင်း …တောက်ပနေသော မီးစာ၏ အလှကို မြင်ယောင်လျက် ….
ရင်ထဲ…နက်ရှိုင်းစွာ နာ ကျင်ကြေကွဲနေတော့သည်…။
မိုးပန်းမွန်(ရာမည)