ရေခဲပွင့်လေးတွေ သီးထနေသည့် နောက်ထပ် ဘီယာတစ်လုံး စားပွဲပေါ် ရောက်လာသည်။ သူထပ်မမှာ ရသေးတာ သေချာသည်။ ဒါပေမဲ့ ပထမ တစ်လုံးက ခပ်မြန်မြန် ကုန်သွားပြီ မို့ ငြင်းမနေတော့။ လှပစွာ ရုပ်သိမ်း သွားသည့် သွယ်သွယ်ပျောင်းပျောင်း လက်ချောင်းလေးတွေ ကို ငေးကြည့်နေ လိုက်သည်။ ပန်းနုရောင် ပြေးနေတဲ့ လက်ချောင်းလေး တွေပါလား။ မကြည့်ဘဲ မြင်နေရသော ရှေ့တည့်တည့် နံရံပေါ်ရှိ နာရီလက်တံက ဆယ်နာရီခွဲပြီးပြီ။ သူစီးရမည့် ကားက ဇီးဖြူကုန်း ရွာဂိတ်သို့ ညဥ့်နက် သန်းခေါင် နှစ်နာရီလောက် မှ ရောက်မည်ဟု သိရသည်။ ထိုကားမှ လွဲပြီး တခြားကား တစ်စီး တလေမျှ မရှိတော့။ ဘာပဲဖြစ်ဖြစ် ဝေးကွာခဲ့သော ငါးနှစ်တာ ကာလ အ တွင်း ဇာတိရပ်ရွာ ၏ ပြောင်းလဲဖြစ်ပေါ်မှုတွေက မျက်စိ လည်ချင်စရာ ကောင်းလှသည်။ တဒင်္ဂအချိန်တိုလေး အတွင်း ကုန်စင်အောင် လေ့လာရလျှင် ဆင်တစ်ကောင် လုံး ကို တစ်လုပ်တည်း မျိုချရသလို ဖြစ်နေတော့မည်။
အရင်က ရွာရှေ့လှည်း လမ်းကြောင်းသည် ကတ္တရာခင်းလမ်း အဖြစ် ပြောင်းလဲကာ အဝေးပြေး လမ်းမကြီး တစ်ခုနှင့် ချိတ်ဆက်နေခဲ့ပြီ။ ရွှံ့နွံရေမြောင်း ချုံနွယ် ပိတ်ပေါင်းတွေ မြိုင်ထနေခဲ့သည်။ လမ်းတစ်ဖက်တစ်ချက်တွင် ဆိုင်ခန်း သစ်တွေက ရထားတွဲကြီး ပမာ စီစီရီရီ ပေါ်ပေါက်လာသည်။ ဆယ်မိုင် နီးပါးဝေးကွာသော မြို့နှင့်ရွာ ကြားတွင်လည်း အရင်လို လစ်ဟာမနေတော့။ လမ်းမကြီး ဝဲယာတစ်လျှောက်လုံး စက်ရုံ၊ အလုပ်ရုံ၊ စက်သုံးဆီဆိုင်ကြီးတွေ၊ ဈေးဆိုင်ကြီးငယ်တွေ မှို လိုပေါက်နေလေပြီ။ ဇီးဖြူကုန်း၊ ထိန်တိုင်၊လဲတောနှင့် ညောင်တစ်ပင်ရွာစဉ် များသည်ပင် လမ်းမကြီးကို အမှီပြုကာ တောင်ညို လမ်းခွဲအထိ တစ်ဆက် တစ်စပ် တည်း ပြန့် ကားလာနေသည်။
ညာဘက်ပြတင်းပေါက်မှ လမ်းမကြီး မြင်ကွင်းကို လှမ်းမျှော်ငေးမော ကြည့်နေမိသည်။ ဆိုင်ခန်း တချို့က တံခါး တစ်ချပ်သာ ဖွင့်ထားပြီး တချို့က တံခါးအားလုံး ပိတ်သိမ်း သွား ကြပြီ။ သူတို့အားလုံးက ရွာခံတွေ မဟုတ်။ ပြောင်းလဲမှု ရေအလျဉ်နှင့်အတူ ဈေးကွက်ရှာရင်း အန်ထွက် လာကြသည့် မြို့ပေါ်က လူတွေဖြစ်ကြသည်။ လမ်း မီး တိုင်တွေ ထိန်ထိန်လင်း နေသော်လည်း လူသွားလူလာ ကင်းဆိတ်သွားတာ တော်တော်မြန်သည်။ သံယောဇဉ် ကြီးစွာ ဖက်တွယ်ထားဆဲ ရှိသည့် ကျေးလက် အငွေ့ အသက် တွေကြောင့်လည်း ဖြစ်နိုင်သည်။
သူ့ညာဘက် ပြတင်းပေါက်မှ တစ်ဆင့်လေပြင်းတွေ မကြာမကြာ တိုးတိုက်ဆောင့်ဝင် လာတတ်သည်။ ရိုးပြတ်နံ့နှင့် အတူ ရှည်မျောမျော ဝါးရုံရွက်ခြောက်တွေ ပွတ်တိုက် လိုက်ပါလာကာ တဖြောက်ဖြောက် မြည်နေကြသည်။
”တောက်၊ ယူလာမိတဲ့ ခွင့်ရက်တွေ အလဟဿဖြစ်ကုန်တာ ပဲရှိတယ်”
ပြဿနာက ခေါင်းထဲ ဝင်မွှေလာပြန်သည်။ သည်ပြဿနာသာ မရှိခဲ့လျှင် ခုလို အစောတလျင် ထပြန်ဖြစ်လိမ့်မည် မဟုတ်။ အမေနှင့် ကြာကြာ နေချင်သေးသည်။ ငယ်ပေါင်း သူငယ်ချင်းတွေနှင့် စိတ်အေးလက်အေး တွေ့ဆုံ ချင်သေးသည်။ သို့သော် လက်ခံနိုင်စရာ မရှိသည့်ပြဿနာက ဝေးရာကို ဇွတ်နှင်ထုတ်နေသည်။ သွားလေသူ အဖေ့ကို သတိ ရသည်။ အဖေသာရှိနေသေးလျှင် ပွဲကြမ်းလိုက်မည့်ဖြစ်ခြင်း။
”ဦးလေးချစ်ကိုက အစ ပျိုးလိုက်တာ၊ အစ်ကို သုံးယောက်လုံးပါ မယား ယိမ်းတိုက်ကြတော့တာ ပဲ၊ တစ်နယ်လုံးတောင် ပြောစမှတ်တွင် တယ်၊ ခင်ဗျား တို့ဘာသာ ကိုယ်ကြိုက် လို့ ကိုယ်ယူခဲ့ကြတာ ပြောစရာ မရှိဘူး၊ ကျုပ်ကတော့ ဆောရီး၊ ခင်ဗျားတို့ မယား စီးရီးထဲ သေတောင်မပါဘူးမှတ်”
အသံထွက် ရွတ်လိုက်မိပြီးမှ ဘေးဘီကိုဝေ့ဝဲကြည့်လိုက်သည်။ သူကလွဲပြီး ဘယ်သူ မှမရှိ။ ဆိုင်ရှင် အမျိုးသမီး ကလည်း တစ်ယောက်တည်း လားမသိ။ ကောင်တာ အတွင်းဘက် ဆီက အနောက်တိုင်း သီချင်းသံ တိုးတိုးငြိမ့်ငြိမ့်လေး ထွက်နေသည်။ သူလည်း မြို့ပေါ်က ထွက်လာတာဖြစ်မည်။ အခန်း ဖွဲ့စည်းပုံ ရှင်းလင်း သပ်ရပ် သည်။ အပြင်အဆင် အခြယ်အသ ပကာသနတွေ မပါဘဲ လှပ ခေတ်မီနေသည်။ ကောင်တာခန်းကို ဒူးပိတ်အပေါ်ပိုင်း တစ်ခုလုံး မှန် အပြည့် ကာထားသည်။ မှန်ပြင်ပေါ် တွင် ရေးထားသော Menu က စာလုံးတွေက လေထဲမှာ ပျံဝဲနေသလို ထင်ရသည်။
အတော် ကြာတော့မှ အမျိုးသမီး ထွက်လာသည်။ လွတ်လပ် ပေါ့ပါးစွာ ဝတ်ဆင်ထားသည်။ လက်တစ်ဖက် က ဘီယာပုလင်း နှစ်လုံး၊ ကျန်တစ်ဖက်တွင် အမြည်း ပန်းကန်နှစ်ချပ် ကို ဆင့်ကိုင်ထားသည်။ ဖန်ခွက် အပို တစ်ခွက်ကို ချိုင်းကြားမှာ ညှပ်ယူလာတာ မြင်ပြီး သူရယ်ချင် စိတ်ပေါက်သွားသည်။ ဘီယာ တစ်လုံးနှင့် အမြည်း ပန်းကန် တစ်ချပ်ကို သူ့ဘက်သို့ တွန်း ပို့ပေးလိုက်ပြီး ကျန်တာတွေ စားပွဲ တစ်ဖက်စွန်းတွင် တင်ကာ ဝင်ထိုင်လိုက်သည်။
”ကျွန်တော် ထပ်မမှာသေးဘူး ထင်တယ်”
”ဒါပေမဲ့မှာဦးမှာမို့လား”
ဒုတိယပုလင်းကို ပြန်ကြည့်လိုက်တော့ ပြောင်တလင်းခါနေပြီ။
”အင်း၊ အဲ …ဟုတ်ပါ တယ်”
အမျိုးသမီးက တစ်ချက်ပြုံးရင်း ခေါင်းညိတ်သည်။ ပန်းကလေး တစ်ပွင့်လက်ခနဲ ပွင့်ပြလိုက်သည့် ပမာ။ သူ့ရင်ထဲတွင် ဗုံးတစ်လုံး ဝင်ကွဲသွားသလို ရုန်းရင်းဆန် ခတ် ဖြစ် သွားသည်။ အား… တော် တော်ချောတဲ့ အမျိုးသမီးပါလား။ ဆိုင်ထဲရောက်လာ ကတည်းက ကိုယ့်ပြဿနာနှင့် ကိုယ် သေချာ မကြည့်ခဲ့မိတာ အားနာစရာ ကောင်းလှသည်။ အမျိုးသမီး က ဖန်ခွက်ထဲသို့ ဘီယာ တစ်ဝက် ငှဲ့ထည့်ကာ တစ်ငုံသောက်သည်။ အမြှုပ်ကလေးတွေ တင်ကျန်နေသည့် နှုတ်ခမ်းကို တစ်သျှူးစဖြင့် သုတ်သည်။ သူ့ အမြည်း ပန်းကန်ထဲက ပဲခြမ်းသုပ်ကို တစ်ဇွန်းခပ်စားသည်။
”ခင်ဗျားက ဘီယာသောက်တတ်သလား”
”တစ်ခါတလေ ပျင်းရင်သောက်တယ်”
သူ့အလှထက် ပိုအံ့သြစရာ ဘာမှမရှိတော့သလို လက်ခံ ကျေနပ်လိုက်ရသည်။ မြို့ကြီးတွေ မှာတော့ မိန်းကလေးတွေ ဘီယာ သောက်တတ် လာကြတာ အဆန်း တကြယ် မဟုတ်တော့။
”ဆိုင်ပိတ်ချင်ရင် ပြောနော်၊ ကျွန်တော် ထွက်ပေးမယ်”
”နှစ်နာရီရန်ကုန်ကားစောင့်တာမို့လား၊ ကားလာချိန်အထိ နေပါ”
”ကျေးဇူးပဲဗျာ၊ ကားက အချိန်မှန်ဖြတ်တာလား”
”မမှန်ဘူး၊ စောတာ နောက်ကျတာရှိတယ်။ ဟိုထိပ်မှာ ဂိတ်စောင့်ဦးလေးကြိုင်ရှိတယ်၊ တွေ့ခဲ့လား”
”တွေ့တယ်၊ ဖုန်းနံပါတ် ပေးထားခဲ့တယ်”
”အင်း၊ ကားလာရင် သူလှမ်းခေါ်ပေးမှာပေါ့”
”ဒီမှာ တစ်ယောက်တည်းလား”
”ဆိုင်အကူကောင်မလေး ရှိတယ်၊ သူ့အမေနေမကောင်းလို့ ရွာထဲပြန်အိပ်နေတယ်။ မနက်ကျ ပြန်လာမယ်”
”ဟို … ကျွန်တော်မေးတာက အိမ်ထောင်မရှိဘူးလား၊ ရှိလားပါ”
”အိုး”
အမျိုးသမီးအသံကြောင့် သူလန့်သွားသည်။
”တစ်မျိုးမထင်ပါနဲ့ဗျာ၊ ဒီလိုမေးတာ မကြိုက်ရင် တောင်းပန်ပါ တယ်”
”မထင်ပါဘူး၊ အိမ်ထောင်ပြုတယ်ဆိုတာ တော်တော်ခွကျပြီး ကြီးကျယ်တဲ့ ပြဿနာတစ်ခုပဲ၊ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပစ် လိုက်ရတာမျိုး၊ လက်ထပ် ထိမ်းမြားတာကို အချစ်ရဲ့ အစလို့ မိန်းမသားတွေ ဘက်မြင်ပြီး ယောက်ျားသားတွေ ဘက်က အချစ်ရဲ့ နိဂုံးလို့မြင် ကြသတဲ့၊ မင်းအမြင်ကရော”
သူတောင့်ခနဲဖြစ်သွားသည်၊ အာဂအမျိုးသမီးပါလား။
”ကျွန်တော့်အမြင်က ..အဲ ..လက်ထပ်တာကို မပြောမီ သူ့ထက်အရင်ကျတဲ့ အချစ် ဆိုတာကို အရင်ပြောမှဖြစ်မယ်၊ အကြောင်း အမျိုးမျိုးကြောင့် အချစ်မပါဘဲ လက်ထပ် ကြတာလည်း ရှိမှာပေါ့၊ အများစုကတော့ အချစ်ပြဿနာကနေ စကြတာပဲ၊ အကောင်အထည်ပြလို့မရတဲ့ အချစ် ခံစားမှုကိုက ထွေပြား ဆန်းကြယ်သလိုဖြစ်နေတယ်၊ ကျွန်တော် Love hard ဆိုတဲ့ အင်္ဂလိပ် စကားလုံးကို မြန်မာလိုအတိုဆုံး အတိကျဆုံး ပြန်ကြည့်နေတာ ကြာပြီ၊ အမြဲတမ်း လည်ထွက်နေတာပဲ၊ ခေါင်းစားလွန်းလို့ဗျာ”
”ဟုတ်တယ် hard ရဲ့ အနက် အဓိပ္ပာယ်တွေက တော်တော်ကို များတယ်၊ အလွန့် အလွန်ပြင်းထန်တဲ့ အဓိပ္ပာယ်တွေ အားလုံးကို စုရုံးထားသလိုပဲ၊ ငါက love hard ကို အလုံးစုံ ကမ်းကုန် အချစ်လို့ခပ်ရမ်းရမ်း ပြန်ပစ် လိုက်ချင်တယ်၊ ချစ်ခြင်းမေတ္တာ ဆိုတာ ခံစား နားလည်တတ်ရင် Life force ဘဝခွန်အား တစ်ခု ဖြစ်လည်း ဖြစ်နိုင်ပါသတဲ့၊ အချစ် ဆိုတာကို မင်းခံစားဖူးပြီလား”
”မခံစားဖူးဘူး၊ ကျောင်းသား ဘဝမှာရော လက်ရှိ အလုပ်ခွင်ထဲမှာပါ အီစီကလီ သရိုးသရီလေး တွေတော့ အများကြီးဗျာ၊ ထင်ယောင်ထင်မှား ဝိုးတဝါးတွေချည်းပဲ၊ တချို့ က တဒင်္ဂ စိတ်လှုပ်ရှားခံစားမှုကို အချစ်လို့ ထင်တတ်ကြတယ်၊ ကြာရှည် မခံတော့ ဒုက္ခရောက်ကုန်ရော၊ ကျွန်တော့်ဘဝ ရဲ့ ပန်းတိုင်ခရီးမှာ မိန်းမနဲ့ အချစ်ကိစ္စ ကို တတိယ နေရာမှာပဲ ထားတယ်၊ အာရုံစိုက် အချိန် မပေးနိုင်လို့ ဝေးလံနေတာ လည်း ဖြစ်နိုင် တယ်။
”မိန်းမတွေကို သီးခြားအရာ တစ်ခုလို သတ်မှတ် ဆက်ဆံနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိနေတာပဲ ဆင်းရဲနွမ်းပါးမှု နဲ့ ခေတ်ဟောင်း စနစ်ဟောင်း ရဲ့ အတွေး အခေါ်ဟောင်းတွေ အောက်မှာ အမျိုးသမီးတွေဟာ အကြမ်းဖက်မှု အမျိုးမျိုး ရဲ့ သားကောင်တွေ ဖြစ်နေကြဆဲပဲ၊ သူတို့ကို ကမ္ဘာ တစ်နံတစ်လျား မှာ နှစ်စဉ် ကျင်းပနေ ကြတဲ့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီး များနေ့ကလည်း မကယ်နိုင်ဘူး၊ ခေတ်မီ တိုးတက်လှပါတယ် ဆိုတဲ့ နည်းပညာ အမျိုးမျိုး ကလည်း မကယ်တင်နိုင်ဘူး၊ ချတ်ဒ် သမ္မတနိုင်ငံ၊ အာဖဂန် နစ္စတန်၊ ဆူဒန်၊ ကွန်ဂို၊ ဂွာတီမာလာ၊ ဆိုမာလီးယား၊ မာလီ၊ အိန္ဒိယ၊ အီရတ်၊ ပါကစ္စတန် နိုင်ငံတွေဟာ အမျိုးသမီးတွေ အတွက် ငရဲ ဘုံတွေပေါ့၊ လူဖြစ်လာပြီး လူသားဘဝကို မရတာလောက်ဆိုးတာ ဘာရှိသေးလဲ”
”ကျွန်တော့်မှာ အမျိုးသမီးတွေ အပေါ် မတူကွဲပြားလို့ ခွဲခြားတတ်တဲ့ အမြင်မျိုး မရှိပါဘူး၊ ဒါပေမဲ့ သာမန်ထက် ကျော်လွန် ဆက်ဆံမိရင် ဇယား ရှုပ်တတ်တယ် ဆိုတဲ့ အမြင်တော့ ရှိတယ်၊ ခင်ဗျား လေ့လာမိမလား မသိဘူး၊ ခရစ်တော်က သူ့နောက်လိုက် တမန်တော်တွေ ရွေးချယ်ခဲ့တာ ဆယ့်နှစ်ယောက်လုံး ယောက်ျားသားတွေ၊ မိန်းမ သားတစ်ယောက်မှ မပါဘူး”
”မှန်ပါတယ်၊ ငွေသားသုံးဆယ် လာဘ်ယူပြီး ခရစ်တော်ကို ရန်သူ့ လက်အပ်တဲ့အထိ သစ္စာဖောက်ခဲ့ တာလည်း အဲဒီအထဲက တစ်ယောက်မို့လား၊ ရုဒရှကာရုတ်လေ၊ မိန်းမသား တစ်ယောက်ကိုမှ မရွေးချယ် ခဲ့တာတောင် ကျေးဇူးတင် ရဦးမယ်၊ ဇယားဆိုတာ ကျားကျား-မမ ရှုပ်တတ်တဲ့ သဘာဝရှိပါတယ်”
သူလှိမ့်ပိမ့်ခံလိုက်ရသည်။
”ကောင်းလိုက် တဲ့ ကောင်တာ၊ ကျွန်တော် မမြင်မိလိုက်တဲ့ ရှုထောင့်ဗျာ၊ ကျွန်တော်တို့ အချစ် နဲ့အိမ်ထောင်ရေး ဆီ ပြန်သွားကြရအောင်၊ မမ – အဲ – လေးစားသော အားဖြင့် မမ လို့ခေါ်မယ်နော်၊ အချစ် ဆိုတာကို မမ ယုံကြည်တတ်သလား”
”အချစ်ဆိုတာ ယုံကြည်မှု နဲ့ မဆိုင်ဘူးလို့မြင်တယ်၊ စဉ်းစား ဆင်ခြင်မှုတွေ၊ ဥာဏ်ပညာတွေ နဲ့လည်း မပတ်သက်ဘူး၊ သူ့ဘာသာ ထိတွေ့ခံစား ဖြစ်ပေါ် လာတတ်တာမျိုး၊ လူ့ အသိဥာဏ်က မပိုင် မစိုးနိုင်တာ အချစ်ပဲ၊ တခြားလက်ခံ ယုံကြည်ထားတဲ့ အစွဲ အမှတ်တွေ ငါ့မှာမရှိဘူး”
”ကျွန်တော့် အဖြစ်ကို ရှင်းပြဦးမယ်၊ မမက အတွေးအမြင်တွေ ကောင်းတော့ ဆွေးနွေး ဝေဖန်ပေးပေါ့၊ ကျွန်တော်က ဒီဇီးဖြူကုန်းဇာတိပါ၊ ဒီမှာအမေ ရှိတယ်၊ အိမ်ထောင် ခွဲ အစ်ကိုတွေ ရှိတယ်၊ အဖေ့ဘက် အမေ့ဘက်က အမျိုး တွေ အကုန်ရှိတယ်၊ ကျွန်တော် ဆယ်တန်းအောင်တော့ ရန်ကုန်မှာ ရှိတဲ့ အဒေါ် တစ်ယောက် ဆီသွားနေ ပြီး ကျောင်းဆက် တက်တယ်၊ အဒေါ်က အဖေ့ရဲ့ညီမ၊ အဒေါ်ယောက်ျား က စက်ရုံတစ်ခုမှာ ပြန်တမ်းဝင် အရာရှိ၊ သားသမီး မထွန်းကားလို့ ကျွန်တော့်ကိုပဲ သားသမီး အရင်း လို ချစ်ကြတယ်၊ ကျွန်တော် ကျောင်းပြီးတော့ ရန်ကုန်မှာပဲ အလုပ်ဝင်တယ်၊ ရွာကိုပြန်မရောက်တာ ငါးနှစ်ကျော်ပြီ၊ အခုမှ အမေ နဲ့တွေ့ချင်လွန်းလို့ ခွင့်ဆယ်ရက် ယူပြီး ပြန်လာခဲ့တာ၊ တစ်ညအိပ် ပဲရှိသေးတယ်၊ ပြဿနာထ လုပ်လာကြလို့ ပြန်မယ် ဆိုပြီး ဇွတ်ထွက်လာခဲ့တာပဲ”
”အိုး၊ ဘာပြဿနာလုပ်လာကြလို့လဲ”
”ကျွန်တော် နဲ့ တစ်သက်လုံး ဝေးကွာ သွားမှာစိုးလို့နဲ့ တူပါတယ်၊ အမေ နဲ့အစ်ကိုတွေက သူတို့ သဘောကျတဲ့ အမျိုးသမီး တစ် ယောက် နဲ့ ဝိုင်းနားချကြတယ်၊ ကျွန်တော် လုံးဝ လက်မခံနိုင်တဲ့ ကိစ္စဗျာ၊ အစ်ကိုတွေ နဲ့ရောပြီး မယား ယိမ်းတိုက်ရမယ့် အလုပ်၊ အဒေါ်က ဒါကြောင့် ရွာကို ပြန်မလွှတ်ချင်တာ၊ အစ်ကိုတွေ လမ်းစဉ်ထဲရော ပါသွား မှာ တော်တော် စိုးရိမ်တယ်”
”ဘာလမ်းစဉ်လဲ၊ အမျိုးသမီး က အခြေအနေ သိပ်ဆိုးနေလို့လား”
”လူပုဂ္ဂိုလ်အရ မဆိုးဘူးထင်တာပဲ၊ ခုထိ မမြင်မတွေ့ဖူးသေးဘူး”
”ဟင် မမြင်မတွေ့ဖူးသူ အပေါ် ဆုံးဖြတ်တာ မလွယ်လွန်းဘူးလား၊ အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ တွေ့ဆုံ လေ့လာသင့်တာပေါ့”
”မှန်ပါတယ်၊ တခြား တစ်ယောက်ယောက် သာဆို လူမှုရေး ယဉ်ကျေးမှု အရဖြစ်ဖြစ် တွေ့ဆုံမိမှာပေါ့၊ အခုဟာက တစ်မျိုးဗျ၊ နာမည်ကြီး သူခိုး ဓားပြတစ်ယောက် ရဲ့သမီး ၊ သူ့ကိုမြင်ဖူးတွေ့ဖူးဖို့ လိုသေးလို့လား၊ ကဲသူက မမလောက် ချောလိုက် လှလိုက်ဦးဗျာ၊ ဘာလေ့လာနေရဦးမှာလဲ”
”အိုး”
”ဟောဒီဘက် တစ်နယ်လုံး ဦးသံရုံဆို မသိသူ မရှိဘူး၊ တစ်ချိန် တုန်းက တောင်ညို တစ်ကြောနဲ့ ရိုးမတစ်ခွင်မှာ ဖိန့်ဖိန့်တုန်အောင် နာမည် ကြီးခဲ့တဲ့ ဓားပြဗိုလ်၊ မယားက သုံးယောက်ဗျာ၊ အဲဒီ မယားတွေက မွေးလိုက်ကြတာ သမီးတွေ ချည်းပဲ၊ ပထမ မယားကြီးက သမီး တစ်ယောက်မွေးတယ်၊ စမ်းစမ်းရုံတဲ့၊ ဒုတိယ မယားက သမီး သုံးယောက် မနှင်းရုံ၊ ဟေမာရုံ၊ မြမြရုံတဲ့ဗျား၊ ဟား ဟား”
”အိုး”
”မမရဲ့ အဲဒီ အိုး ..အိုး .. ဆိုတာကို ရပ်ထားလို့ မရဘူးလား၊ အဲ တတိယအငယ်ဆုံး မယားက အငယ်ဆုံး သမီးကို မွေးခဲ့တာ တစ်ယောက်တည်း၊ အဲဒါကျ ကျွန်တော် နဲ့ ဝေးသွားလို့ နာမည်တောင် မသိတော့ဘူး၊ သေချာတာက သူလည်း သူ့အဖေ လူဆိုးကြီးရဲ့ နာမည်ကို ဦးထိပ်ပန်ဆင်ပြီး ရုံတစ်လုံးတော့ ပါမှာပါပဲ၊ ပထမဆုံး အမေ့ ရဲ့မောင် ဦးလေးချစ်ကို က မစမ်းစမ်းရုံနဲ့ လက်ထပ်တယ်၊ အဖေ မဆုံးခင်လေးပဲ၊ အဖေက သူခိုးဓားပြသမီး မှ ရွေးယူရကောင်းလား ဆိုပြီး ခါးခါးသီးသီး ဖြစ်ခဲ့တာ၊ အဖေ ဆုံးပြီး သိပ်မကြာဘူး၊ ကျွန်တော့် အစ်ကို သုံးယောက်လုံး တန်းစီ ယူလိုက်ကြတာ ဦးသံရုံ ရဲ့ သမီးတွေ ချည်းဗျာ၊ သမီးအငယ်ဆုံး တစ်ယောက်ပဲ ကျန်တယ်၊ အမေ တို့က ကျွန်တော့် ကို မြွေဖမ်းကြတာ အဲဒီ အငယ်ဆုံးသမီးပေါ့၊ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုလား ဘာလား မသိဘူး၊ ကျွန်တော်တို့ တစ်မျိုးလုံး ဦးသံရုံရဲ့ သမီးတွေပဲ ယူရမယ် လို့ ကျိန်စာသင့်နေတဲ့ အတိုင်းပဲ”
”အိုး၊ အဟင်း ဆောရီး နော်”
”ကျွန်တော် ပြန်ရောက် လာတာကို မြင်တဲ့လူတွေက ပြုံးစိစိနဲ့ ကြည့်ကြတယ်၊ ငယ်သူငယ်ချင်း တစ်ယောက်က ဘာပြောလဲ သိလား၊ ရုံစီးရီးထဲက လက်ကျန် တစ်ယောက် ကို လာကောက်တာလား၊ အံဝင်ခွင်ကျ ပဲကွတဲ့၊ အိမ်ရောက်တော့လည်း တကယ်ကို တည့်တည်တိုး တိုက်မိပါလေရော၊ စိတ်ကုန်လိုက်တာဗျာ”
”သူတို့ သဘောကျလောက်တဲ့ ထူးခြားချက် တစ်ခုခုရှိလို့ ဖြစ်မှာပေါ့”
”ထူးခြားချက်က တစ်ခုမကဘူး၊ ဦးသံရုံရဲ့ သမီးတွေ အားလုံး ခေတ်ပညာတတ်တွေ၊ စီးပွားရေးရော လူမှုရေးပါ ထက်မြက်ကြသတဲ့၊ ရုပ်ရည် လက္ခဏာ ကျလည်း အကုန်လုံး အချောအလှ စာရင်းဝင် ထိပ်ခေါင်တင်တွေ၊ တစ်ချက်မှ ကျွန်တော် စိတ်မဝင်စားဘူး၊ စီးပွားရေး နဲ့ လူမှုရေး ကိုယ့်ဘာသာ စွမ်းဆောင်နိုင်တာပဲ၊ မိန်းမ ဦးဆောင်ရာ လိုက်နေရမှာလား၊ ရုပ်ရည် လက္ခဏာဆို ပိုတောင်ဝေးသေး၊ မမ ထက်သာနိုင်သေးလို့လား၊ ကျွန်တော်တော့ မထင်ဘူး”
အမျိုးသမီးက အကျင့်ပါနေသည့် အတိုင်း ”အိုး” ဟု လွှတ်ခနဲရွတ်သည်။
”မင်းမြှောက်တိုင်း ငါလေထုထဲ မရောက်နိုင်ဘူး၊ လူတစ်ယောက် လေထုထဲ မြောက်တက်နိုင်ဖို့ ဟီလီယန် ဓာတ်ငွေ့ သုံးထောင့်နှစ်ရာကုဗပေလိုသတဲ့”
”ကျွန်တော်မြင်တဲ့ အတိုင်း ပြောတာပါ၊ ဒီလောက်လှတဲ့ မမက ခုထိ အိမ်ထောင် မကျသေးတာ အံ့သြစရာပဲ၊ ချစ်သူမရှိဘူးဆိုလည်း ယုံစရာမရှိဘူး”
”မန္တလေး တက္ကသိုလ် တက်ခဲ့တုန်းက ရှိပါတယ်။ သူက လိုင်းစုံ တယ်၊ နေရာတကာ မပါမပြီးတဲ့ ဆရာကြီးပေါ့၊ တကယ် ချစ်ခဲ့မိပေမဲ့ မကြိုက်တာတွေ များလွန်းလို့ အဆက်ဖြတ်ခဲ့တယ်၊ နောက်တော့ ပြည်ပကို ထွက်သွားတယ်လို့ သတင်း ကြားရတယ်၊ ငါ့ရဲ့အချစ် ဇာတ်လမ်း ကဒါပါပဲ”
”မမရဲ့ မိဘတွေကရော”
”မရှိကြတော့ဘူး”
”ကျွန်တော်ပြောတဲ့ ဦးသံရုံ ဆိုတာ မမသိလား”
”သိပါတယ်၊ ငါသိသလောက်ဆို ဦးသံရုံက မင်းပြောသလို သူခိုးတော့ မဟုတ်ဘူး၊ ဓားပြဗိုလ် ဖြစ်ခဲ့တာ မှန်တယ်၊ နောက်ပိုင်း မှာ သူ့ဘဝကို လုံးဝပြောင်းလဲ ပစ်လိုက် တာ ထည့်ပြောမှပြည့်စုံ မှာပေါ့၊ သူ့လုပ်ရပ်တွေကို သူကိုယ်တိုင်ဝန်ခံပြီး အပြစ်ကြွေးတွေ ပေးဆပ်လိုက်တယ်၊ ထောင်ဒဏ်နှစ်ရှည် ကျခံရတယ်၊ ငါးနှစ်ကြာမှ လွတ်ငြိမ်း ချမ်းသာခွင့်ထဲ ပါပြီး လွတ်လာတယ်၊ ဥပဒေဘောင် အတွင်းမှာပဲ နေထိုင်ပြီး စီးပွားရေး တစ်ခုတည်း ဇောက်ချ လုပ်တယ်၊ ရပ်ရွာဖွံ့ဖြိုးရေး အတွက် ငွေအား လူအား စိုက် ထုတ်တယ်၊ ဒေသ အခက်အခဲတွေထဲက အခြေခံအကျ ဆုံးဖြစ်တဲ့ ရေနဲ့မီး၊ နောက်ပညာရေး၊ တောင်ညိုအုပ်စု ကျေးရွာ တွေအတွက် ကိုယ်ထူ ကိုယ်ထ မူလတန်း ကျောင်း ကလေးတွေ အဆင့် ကနေ အစိုးရ အသိအမှတ် ပြု အထက်တန်းကျောင်း အဆင့်ထိ သူပဲဦးဆောင်ကြိုးစားခဲ့တာပဲ၊ လဲတော နဲ့ ညောင်တစ်ပင် ဘုန်းတော်ကြီး ကျောင်းတွေနဲ့ စာကြည့်တိုက်တွေဟာ သူ့ရဲ့နောက်ဆုံး လက်ရာတွေပေါ့၊ လက်တွေ့ကျတဲ့ ပရဟိတ လုပ်ငန်းတွေကို နောက်ဆုံး ထွက်သက် အထိ အားစိုက် လုပ်ကိုင် သွားတာတွေ အသိအမှတ် ပြုသင့်ပါတယ်”
”အား၊ မမက တော်တော်သိ တာပဲ”
”မင်းက နောက်ပိုင်း ကိစ္စတွေ ဝေးကွာနေခဲ့လို့ပေါ့၊ ဒီလောက်က ဘယ်သူ့မေးမေး သိကြပါတယ်”
”နောင်တဆိုတာ ထုံးစံအတိုင်း နောင်မှကျ တတ်ကြတာပါပဲဗျာ”
”နောင်တကို လူတိုင်း ရတတ်ကြတာ မဟုတ်ပါဘူး၊ ရည်ရွယ်ချက်ရှိရှိ အင်အားကောင်းကောင်းနဲ့ တိုင်းပြည်ရဲ့ ယန္တရားကြီး တစ်ခုလုံးကို လိုသလို ချုပ်ကိုင်ပြီး အသာ စီးရနေတဲ့ လူတွေကိုကြည့်လေ၊ အစဉ်အဆက် တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ကိုယ်ကျိုး စီးပွားရှာရင်း အမှားသံသရာဆီ ဆက်လက် ချီတက်နိုင်ဖို့ ကျားကုတ်ကျားခဲ အားထုတ် ကြံစည်နေတဲ့ အချောင်သမားတွေ၊ အကြီးကျယ်ဆုံး ရာဇဝတ်ကောင်တွေ တို့နိုင်ငံမှာ ခုထိအောင်ပန်း ဆင်နေကြတုန်းပဲ၊ တရားဥပဒေ ကို လှေလုပ်စီးနေ ကြ သူတွေ၊ ပြည်သူတွေက ဥပဒေအောက် မှာ ပြားပြားမှောက်ပြီး ဒုက္ခတွေ ပင်လယ်ဝေလို့၊ ဒီလိုလူတွေ နဲ့ နှိုင်းစာကြည့်ရင် အပြစ်ကြွေးတွေကို ပေးဆပ် ပြုပြင်ခဲ့တဲ့ ဦးသံရုံရဲ့ တစ်ချိန်တုန်း က အမှားဟာ ခွင့်မလွှတ်နိုင်လောက်အောင်များ ကြီးမားနေသလား”
”ဟင်”
သူ အံ့သြ မှင်တက်သွားသည်။ အမျိုးသမီးရှေ့တွင် နေရင်းထိုင်ရင်း သူ့ကိုယ်သူ သေးငယ်သိမ် ဖျင်းသွားသလို ခံစားလိုက်ရသည်။ အလှအပနှင့် ဥာဏ်ပညာ ဆိုတာ ဆက်နွှယ် ပတ်သက်မှုများ ရှိနေသလား ဟု တစ်ယောက်တည်း အလုပ်ရှုပ်သွားသည်။
”မမရဲ့ ဆက်စပ် စဉ်းစားပုံက တော်တော်ကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့် စကားထဲက သူခိုးဓားပြသမီးဆိုတဲ့ အချက်ကို ပြန်ရုပ်သိမ်း လိုက်ပြီ၊ ဘယ်ပြည်သူ မှ တိုင်းနိုင်ငံတစ်ခု ကို ရွေးချယ်ခွင့် မရှိသလို ဘယ်သားသမီးမှ မိဘ အမျိုးအစား ရွေးချယ် ဝင်စားခွင့်မရှိဘူး ဆိုတာ ကျွန်တော် မေ့သွားတယ်၊ မမလို စဉ်းစား တွေးခေါ်တတ်အောင် ကျွန်တော် အများကြီး ကြိုးစားရဦးမယ်၊ ဒါပေမဲ့ နှစ်နာရီ ကားနဲ့ ပြန်မှာကိုတော့ မရုပ်သိမ်းနိုင်ဘူးဗျာ”
”ဒါက မင်းကိစ္စပဲလေ”
အမျိုးသမီးက ဘီယာ တစ်ငုံ သောက်လိုက်ပြီး ကောင်တာဘက်ဆီ ကပျာကသီထ သွားသည်။ သူ နာရီကို ကြည့်လိုက်တော့ တစ်နာရီတောင်ခွဲ လုနီးနေပြီ။ ဖုန်း နားထောင် ရင်း အမျိုးသမီးပြန်ထွက်လာသည်။
” …ဟုတ် မအိပ်သေးဘူး ဦးလေးကြိုင်၊ …ရှင် ..နှစ်နာရီ ဖြတ်မယ့် ရန်ကုန် ကားကိုပြောတာလား၊ …အိုး၊ ဒုက္ခပါပဲ … အခြေအနေတွေ ကရော … အကုန် အကြောင်း ကြားပြီးပြီလား …အင်း …သွားကြည့်မယ်လေ၊ …ဟုတ်၊ ဝင်ခေါ်မယ်၊ စိတ်ချပါ”
ပြီးတော့ တစ်နေရာကို ဖုန်းထပ်ခေါ်ပြန်သည်။ အရေးတကြီး ကားတစ်စီး ငှားနေသံကြားရသည်။ ဒီအမျိုးသမီး ညဥ့်နက် သန်းခေါင်ယံကြီး ဘာထလုပ်ဦးမှာပါလိမ့်။
”မင်းစောင့်နေတဲ့ကား တောင်ညိုလမ်းခွဲ အလွန်မှာ အက်စီးဒင့် ဖြစ်သွားတယ်တဲ့၊ ငါလိုက်သွားမလို့၊ မင်း ဒီဆိုင်ထဲမှာပဲ နေခဲ့မလား ရွာထဲပြန်နေမလား”
”ဟား၊ ပြဿနာပဲဗျာ၊ မမက ဘာသွားလုပ်မှာလဲဟင်”
”ဘာလုပ်ရမယ်ဆိုတာ ဟိုရောက်မှသိမှာပေါ့”
”ကျွန်တော်လိုက်ခဲ့လို့ ရမလား”
”လူပိုသက်သက် အဖြစ်တော့ မလိုက်ပါနဲ့၊ အေးအေးဆေးဆေးနေပါ၊ လိုအပ်တာ ဝိုင်းဝန်းလုပ်ကိုင် ကူညီနိုင်ရင် လိုက်ခဲ့ပေါ့”
”ရပါတယ်မမရဲ့၊ ကျွန်တော် လုပ်နိုင်ပါတယ်”
”ဆိုင်တံခါးတွေ ပိတ်လိုက်ဦး မယ်၊ မင်းအိတ်ကို ဒီမှာ ထားခဲ့လို့ရတယ်နော်၊ အရေး ကြီးတာလောက်ပဲ ယူခဲ့”
သူပခုံး တစ်ချက် တွန့်လိုက်ရင်း ဘီယာခွက်ကို လက်စသတ် လိုက်သည်။ ကျောပိုးအိတ်ထဲ မှ ပိုက်ဆံအိတ်နှင့် ဖုန်းကို ထုတ်ယူသည်။ ညာဘက်ကပြတင်းပေါက် ကို သေချာ ပိတ်ပေးလိုက်ပြီး ဆိုင်ပေါက်ဝဆီ ထွက်လာလိုက်သည်။ ဥပဓိရုပ် ခပ်စုတ်စုတ် အဖြူရောင်ဒတ်ဆန်း တစ်စီး ဝေါခနဲ ရောက်လာသည်။ လက်ကိုင်အိတ် တစ်လုံး ကို ချိုင်းကြားမှာ ညှပ်လျက် အမျိုးသမီး ထွက်လာပြီး တံခါးမကြီးကို သော့ပိတ်လိုက်သည်။ အမျိုးသမီးက ကားရှေ့ခန်းပေါ်တက် သွားတော့ သူနောက်ဘက် ကို လျှောက်လာလိုက်သည်။
”ဒီကိုလာပါ ကိုယ်တော်ရဲ့၊ ရှေ့ကလိုက်ခဲ့ပါ”
သူ့ဘေးတွင် နေရာပေးသဖြင့် အားနာပါးနာ တက်ထိုင်လိုက်ရသည်။ အမျိုးသမီး ၏ ကိုယ်သင်းနံ့ လေးကြောင့် ရီဝေလှိုက်ဖိုသွားသည်။
”ထွက်မယ်နော် မသီရိ”
”ဂိတ်က ဦးလေးကြိုင်ကို ဝင်ခေါ်မယ်နော်”
‘ဟုတ်ကဲ့”
ဥပဓိရုပ် စုတ်ချာနေသည့် ကားကအင်ဂျင်အား တော်တော် ကောင်းသည်။ ညလေထုကို အရှိန် ပြင်းပြင်း ထိုးဖောက်ပြေးလွှားနေ သည်။ အမျိုးသမီး နာမည်ကို ကား ဆရာခေါ် လိုက်မှ သိရသည်။ သူဘာကြောင့် မမေးခဲ့မိပါလိမ့်။ သူ့နာမည်ကို လည်း အမျိုးသမီးက မမေးခဲ့တာ ဘဝင် သိပ်မကျချင်။ သူ့ဘက်ကို စောင့်ငဲ့ အကြည့်တွင် မျက်လုံးချင်း ဝင်တိုက်မိသည်။ တဝေါဝေါပြေးလွှား ပွတ်တိုက်နေသည့် လေပြင်တွေက သူ့ရင်ထဲအထိ ဝင်ကာ တဝုန်းဝုန်းခုန်ပေါက် နေသလားထင်ရသည်။ မသီရိတဲ့၊ ချစ်စရာ ကောင်းလိုက်တာ၊ အာရုံလွှဲပစ်ဖို့ ကြိုးစားနေရသည်။ ကား ပြဿနာကြောင့် သူ့ခရီးစဉ် တစ်သွားပြီ။ မြန်မြန် ဆန်ဆန်ကြီး တိုးဝင်လာနေသော မသီရိ ပုံရိပ်တွေကို ခုခံ ဆီးတားလို့မရ၊ တစ္ဆေတစ်ကောင် ပမာ သူ့ခန္ဓာ အသွေးအသား ထဲသို့ စိမ့်ဝင်ဖမ်းစားနေသည်။
ထိန်တိုင်၊ လဲတောနှင့် ညောင်တစ်ပင် ကျေးရွာတွေကို မိနစ်ပိုင်း အတွင်း ဖြတ်ကျော်ကာ တောင်ညို လမ်းခွဲသို့ရောက်သွား ကြသည်။ မှန်လုံ ကားကြီးက လုံးလုံး တိမ်းမှောက် သွားခြင်း မဟုတ်။ အကွေ့တွင် လမ်းဘေးစိမ့်မြေ ဘက်ပါသွားကာ တစ်ဖက်တောင် ခါးပြတ်ဆီ ရိုက်ခတ် မေးတင်သွား ခြင်းဖြစ်သည်။ အမျိုးသမီးကြီးနှစ်ဦး၊ လူလတ်ပိုင်း အမျိုးသား တစ်ဦး နှင့် အသက် လေးနှစ်အရွယ် ကလေး တစ်ဦးတို့ ထိခိုက် ဒဏ်ရာပြင်းကာ ကျန်အများစုက ပွန်းပဲ့ ဖုဖောင်းလောက်သာ ဖြစ်ကြ သည်။
တောင်ညို ရဲကင်း တပ်ဖွဲ့ဝင်တွေနှင့် ခရီးသည်တွေ ဝိုင်းအုံနေသည့် ကြားသို့ မသီရိ တိုးဝင်သွားသည်။ ဒဏ်ရာပြင်းသူတွေ ကို ညောင်တစ်ပင် ရွာမှ ဆေးမှူးနှင့် အတူ စစ်ဆေးပြုစုနေသည်။
”လူနာတင်ကား က မြို့ပေါ်ကလာရမှာ၊ သွေးထွက် လွန်ကုန်ရင် ဒုက္ခရောက် ကုန်လိမ့်မယ်၊ ဆေးရုံ အမြန်ပို့နိုင်မှဖြစ်မှာ၊ ကျွန်မ တို့ကား နဲ့ပို့မယ်၊ ကားအဖွဲ့ထဲ က တစ်ယောက်နဲ့ ရဲဘော် တစ်ယောက်လောက် လိုက်ခဲ့ပေးပါလား”
”ဟုတ်တယ်၊ ဒဏ်ရာပြင်း သူတွေအရင်ပို့ကြရအောင်”
”ကိုထွန်းမောင်၊ ကားကိုသတိနဲ့ မြန်မြန်လေးမောင်းပေးနော်”
”စိတ်ချပါ မသီရိ”
အားလုံး ကားပေါ်တင်ပြီး အမြန် ထွက်ခဲ့ကြသည်။ သူပါ မသီရိနှင့် အတူ ကားနောက်ပိုင်းမှ လူနာတွေ ကြားတွင် ရောထွေးပွေ့ ပိုက်ကူညီရင်း လိုက်ပါခဲ့ရသည်။ ကလေး အမေက တစ်လမ်းလုံး ညည်းညူငိုယိုပြီး လိုက်ပါလာသည်။ သူ့တစ်ကိုယ်လုံး သွေးတွေ စွန်းထင်း ပေကျံကုန်သည်။ ရီဝေဝေ ဘီယာအရှိန်လေး လွင့်ပျောက် သွားသည်။ ကားဆရာ ကလည်း ဟွန်းကို အဆက်မပြတ်တီးကာ အမြန်မောင်းနှင်နေသည်။
ဤသို့ဖြင့် ဆေးရုံပေါ် ရောက်သွားကြသည်။ မသီရိမှာ တာဝန်ကျ ဆရာဝန်တွေ၊ ဆရာမတွေနှင့် အပြိုင်အလုပ် ရှုပ်နေသည်။ သူမပါသည့် နေရာမရှိသလို သူနှင့်မသိသူ လည်း မရှိ။ လူနာတွေ အတွက် လိုအပ်သည့်သွေး၊ ဆေးဝါး ဓာတ်စာ အစစအရာရာ လူနာရှင် တစ်ယောက်လို ကူညီ လှုပ်ရှားနေသည်။ ဆေးဝါး အနံ့အသက်တွေ ရှူရှိုက် ရင်း ခေါင်းနောက် လာသောကြောင့် သူစင်္ကြံဘက် သို့ ထွက်နေလိုက်ရသည်။ မနက်လေးနာရီ ထိုးပြီးချိန်တွင် nurse မလေး နှစ်ယောက်က မသီရိကို ခြံရံပြီး အရေးပေါ် ward ထဲမှ ဆွဲထုတ်လာကြသည်။
”ကျွန်မတို့ လုပ်ဖို့လည်း ချန်ထားပါဦး မသီရိရယ်၊ တစ်ညလုံး မအိပ်ရေးသေးရင် ပြန်အိပ်တော့၊ ကြာရင် အလှတွေ ပျက်ကုန်တော့မယ်”
”ကလေး ဒဏ်ရာက ပြင်းတယ်နော်၊ အခြေအနေ ကောင်းလောက်ပါ့မလား၊ တစ်ခုခု များဖြစ်သွားရင်”
”ကောင်းမှာပါ၊ မသီရိ အစိုးရိမ်လွန်နေတာ”
”သနားလို့ပါ၊ သူ့အမေကြည့်ရတာ တော်တော်နွမ်းပါး ပုံရတယ်၊ လောလောဆယ် လိုတာသုံးဖို့ ငွေတော့ပေးထားခဲ့တယ်၊ သူတို့သား အမိ အခက်အခဲ တစ်ခုခု ရှိခဲ့ရင် ဖုန်းဆက် ပေးကြဦးနော်”
”အမလေး ကျောင်းအစ်မရယ်၊ ဂိတ်ပိုင်က အားလုံး တာဝန်ယူထားပြီးပါပြီ၊ သက်ဆိုင်ရာတွေ နဲ့ ညှိနှိုင်း လုပ်ကိုင်သွားကြမှာပါ၊ အဟင်း ဟင်း”
သူတို့ ဘားဆိုင်ကို ပြန်ရောက်တော့ ငါးနာရီပင် ထိုးတော့မည်။ ဟောင်းလောင်း ဖြစ်နေသည့် အစာအိမ် က ပွတ်တိုက်ပူလောင် နေသည်။
”ဆာလိုက်တာဗျာ”
မသီရိက စုတ်ပြတ် ပေရေနေသော သူ့ပုံစံကို ကြည့်ကာ ခစ်ခနဲရယ်သည်။
”ငါလည်း ညစာ လွတ်ခဲ့တာပဲ၊ ဟင်းတွေပြန်နွှေးပြီး စားကြတာပေါ့၊ ရေအရင် ချိုးရဦးမယ်၊ မင်းလည်း ရေချိုးလေ၊ ဒီအပေါက် ကနေ ထွက်လိုက်၊ နောက်မှာ အုတ်ကန်ရော ဆပ်ပြာပါရှိတယ်”
”ဘီယာဖိုးတွေလည်း မရှင်းရသေးဘူး”
”အိုး၊ ရေအရင်သွားချိုးပါဆို နေမှ”
မသီရိ၏ ခပ်ငေါက်ငေါက် သံလေး မှာ တစ်ခါမျှ မကြားဖူးသေးသည့် သံစဉ်တစ်ခုလို လှပချိုမြိန်လှသည်။ ကျောပိုးအိတ် ထဲမှ အဝတ်တစ်စုံ ထုတ်ယူပြီး ရေ သွားချိုး လိုက်သည်။ ပြီးတော့ မသီရိနှင့် အတူထမင်းစားရသည်။
”မင်းရေချိုးနေတုန်း မင်းဖုန်းထမြည်လာလို့ ငါကိုင်လိုက်တယ်၊ မင်းအမေက ခေါ်တာ”
”ကျွန်တော့်အမေလား၊ ဘာပြောလဲဟင်”
”ကားအက်စီးဒင့် သတင်းကြားလို့၊ ကားမရှိဘဲ ဘယ်မှာ ဘာလုပ်နေလဲ၊ အိမ်တောင်ပြန်မလာဘူးတဲ့၊ ကျွန်မ နဲ့တစ်ညလုံး အတူ ရှိပါတယ်လို့ ပြောလိုက်တယ်”
”အင်”
သူတွန့်ခနဲ ဖြစ်သွားသည်။ မှတ်ကရော၊ အမေကတော့ ဘယ်လိုထင်လေမည် မသိ။ သူ့ စကားသူပြန်စဉ်းစားမိ ပုံမရသည့် မသီရိက ထမင်းကို တို့တို့တိတိလေး စားနေသည်။ ခြောက်သယောင်းယောင်း ဖြစ်နေသော သူ့ပန်းကန် ထဲသို့ ဟင်းတွေ ထည့်ပုံ ပေးလိုက်သည်။
”အိုး၊ အဟင်း ..ငါက စကားပြောရင် အကျင့်ဖြစ်နေလို့”
”ရတယ်၊ အဲဒီအိုး ကို နားဝင်ချိုနေပြီ ကြိုက်သလောက် အိုးပေတော့ဗျာ”
”ဟင်းတွေ ဇွတ်မထည့်ပါနဲ့၊ ငါက သိပ်မစားနိုင်ဘူး၊ မင်း ဘာသာ ဝအောင်စားစမ်းပါ”
”မမစားနေတာ အားမရလို့၊ အမေက ဇွတ် လာခေါ်လိမ့်မယ် ထင်တယ်၊ ကားလာချိန် ထပ်စောင့် ရမှာလည်း တစ်နေကုန်ကြီး”
”ဘာလဲ ရုံစီးရီး တစ္ဆေခြောက်နေ တုန်းလား၊ တစ်ဖက်က အမျိုးသမီး ရဲ့ စိတ်သဘောထားကို ထည့်တွက်ပါဦး၊ သူ့ဘက်ကလည်း တစ်ခါမှ မမြင်မတွေ့ဖူးသူ တစ်ယောက် ကို မျက်စိမှိတ် လက်ခံဖို့ လွယ်မလား၊ မိန်းမသား တစ် ယောက်ဘက်က ကြည့်ရင် ပိုတောင် ခဲယဉ်းပါသေးတယ်”
”မမပြောသမျှတွေ အားလုံး မှန်ပါတယ်၊ ကျွန်တော်ကကိုယ့် တစ်ဖက်တည်း အမြင်နဲ့ အကဲပိုသလို ဖြစ်နေတယ်၊ ကျွန်တော့် အမေကို မမသိလားဟင်”
”သိတယ်”
”အမေကရော”
”သိတယ်”
”ဒီဆိုင်ကိုရော”
”သိတယ်”
ခြိုးခြိုးခြံခြံ ဖြေနေသော မမကိုကြည့်ပြီး အသည်းယားလာသည်။ သူ့ကိုယ်သူပြတ်ပြတ်သားသား ဝေဖန်ပြီး ဝန်ခံရမည် ဆိုလျှင် တိုတောင်းလှသည့် အချိန်ကာလလေး အတွင်း မမ၏ ပိုင်နက်နယ်မြေ ဧရိယာကလေးထဲမှ ခွဲခွာ၍ အဝေးတစ်နေရာဆီ မသွားချင် တော့လောက်အောင် ဖွဲ့နှောင် ခံစားမိနေပြီ။ ခင်မင်လေးစား စရာ၊ မြတ်မြတ်နိုးနိုး တန်ဖိုးထားစရာ၊ လွမ်းမော တမ်းတစရာ၊ ဂုဏ်အင်္ဂါ တွေနှင့် ပြီးပြည့်စုံသူမို့ ရုတ်တရက် ချက်ချင်း ပွင့်လင်းပြရန် ခက်ခဲလှ သည်။ ပြီးတော့ သူ့ဘဝ အစစ် အမှန်ကို လည်း ဘာတစ်ခုမှ ဂဃနဏ သိရသေးသည် မဟုတ်။ သူ့အတွေး နှင့်သူ အတော်ကြီး မခံချိမခံသာ ဖြစ်နေသည်။
မသီရိက စားသောက် ပြီးသွားသော စားပွဲကို ပြန်သိမ်းနေသည်။ သူက အငြိမ်မနေနိုင်ဘဲ ဝိုင်းကူး လုပ်ပေးမိရာ ဒုတိယအကြိမ် အငေါက်ခံလိုက်ရပြန်သည်။
”အိုး၊ ဒါ မင်းအလုပ်မဟုတ်ဘူး၊ ကိုယ့်စားပွဲ ကိုယ်သွားနေစမ်း”
သူ့စားပွဲ ဆီပြန်လာပြီး ငြိမ်ငြိမ်လေးထိုင်ငေးနေလိုက်ရသည်။ ကောင်တာ မှန်ပြင်နောက် ကို ရောက်သွားပြီး ဖုန်းပြောနေသည့် မမကို မြင်နေရသည်။ ပြီးတော့ သူ့စားပွဲ ဆီပြန်ထွက်လာသည်။
”ဦးလေးကြိုင်က ပြောတယ်၊ ကားအက်စီးဒင့်ကြောင့် ညောင်တစ်ပင်မှာ တစ်နေတဲ့ ခရီးသည်တွေ အတွက် ဂိတ်ပိုင်က အရေးပေါ် ကားတစ်စီး စီစဉ်ပေးလိုက်ပြီတဲ့၊ နာရီဝက် အတွင်း ရွာဂိတ်ကို ရောက်လာလိမ့်မယ်”
”ဗျာ၊ နာရီဝက်အတွင်း၊ မြန်လိုက်တာ”
”သိပ်ပြန်ချင်တဲ့ မင်းဆန္ဒပြည့်ပြီလေ၊ ဘာညည်းနေတာလဲ”
”အစကတော့ ဟုတ်တယ်၊ အခုမဟုတ်တော့ပြန်ဘူး”
”အိုး၊ အပြောင်းအလဲကမြန်လိုက်တာ၊ ယောက်ျား ဆိုတာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးရှိရတယ်”
”ဒါကတော့ မမပြောခဲ့သလိုပေါ့၊ သူ့ဘာသာ ဖြစ်ပေါ်လာတဲ့၊ လူ့အသိဥာဏ်က မပိုင်စိုးနိုင်တဲ့ ခံစားမှုပဲ၊ ဘာတတ်နိုင်မှာလဲ”
သူက ကလေး တစ်ယောက်လို ဇွတ်မှိတ်ငြင်းဆို လိုက်သည်။ မသီရိက အပြုံးလေး ပွင့်ပြသည်။ သူ့အပြုံးလေး မဆုံးသေးမီ ဆိုင်ရှေ့သို့ ဆိုင်ကယ် တစ်စီးရောက်လာသံ ကြားရသည်။ မသီရိ ထွက်သွားပြီး ဆိုင်တံခါးတွေ ပြန်ဖွင့်ရင်း စကား ပြောနေသည်။ သူတစ်ယောက် တည်း ငေါင်းစင်းစင်းကြီး ဆက်ထိုင်နေမိသည်။ ကားက နာရီဝက် အတွင်းရောက်လာမတဲ့။ သူ့ဘဝတွင် သည်လိုခံစားမှုမျိုး မကြုံဖူးသေး။
”လင်းမြတ်”
သူ ဆတ်ခနဲကုန်သွားသည်။ အမေနှင့် အစ်ကိုလတ် တို့ သူ့ဆီဝင်ရောက်လာကြသည်။ မျက်နှာ သွင်ပြင်တွေက ရယ်ချင်ပက်ကျိ ပြုံးစိစိတွေဖြင့်။
”မင်းတစ်ညလုံး ဘာလုပ်နေတာလဲ၊ အိမ်တောင်ပြန်မလာဘူးကွာ”
”ဟုတ်သားပဲ သားရယ်၊ ဒီလောက်တောင် စိတ်ကြီးနေရသလား”
ညက မသီရိနှင့်အတူ တောင်ညို လမ်းခွဲနှင့် ဆေးရုံကို ပါရောက်ခဲ့ကြောင်းတွေ ပြောပြလိုက်သည်။ ပြီးတော့ ကောင်တာ နောက်တွင် အလုပ် ရှုပ်နေသော မသီရိဆီထ သွား ကာ ဘီယာဖိုးတွေ ရှင်းပေးလိုက်သည်။ မသီရိ မျက်နှာက အိပ်ရေး ပျက်ပြီး နွမ်းလျမနေ၊ လန်းဆန်း ကြည်လင်စွာ လှပနေပါသည်။
”ကျွန်တော်သွားတော့မယ်”
”ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ်”
”ကျွန်တော်က ကျေးဇူးတင်ရမှာပါ၊ အိပ်ရေးပျက်ခံပြီး ကျွန်တော့်အပေါ် အချိန်ပေး ဆွေးနွေးခဲ့တာ၊ ထမင်းတစ်နပ် ကျွေးခဲ့တာတွေ အတွက်၊ ကျေးဇူးပြုပြီး မမဖုန်းနံပါတ် ကျွန်တော့် ကိုပေးပါလား”
”ဖုန်းနံပါတ်၊ မလိုအပ်ဘူး ထင်တယ်”
”ဗျာ”
မျှော်လင့်မထားသည့် စကားမို့ ကျင်ခနဲ အောင့်တက်သွား သည်။
”ကျွန်တော့် အတွက် လိုအပ်လို့ပါ၊ ဘာကြောင့် မပေးချင်တာလဲ မမေးတော့ပါဘူး၊ ဒါပေမဲ့ ဒီတစ်ခုတော့ ခွင့်ပြုပါမမရယ်”
သူလှည့်မထွက်မီ မမပုံရိပ် ကလေးကို ဖုန်းဖြင့်အကြိမ်ကြိမ် ရိုက်ယူလိုက်သည်။ မမက ”အိုး” ဟု ရေရွတ်ကာ မျက်နှာကို အမြန် လွှဲဖွယ်ပစ်သည်။ ဒါပေမဲ့ သူလိုချင်တာ ရ လိုက်သည်။ ရိုင်းပျသလို ဖြစ်သွားသော်လည်း မတတ်နိုင်တော့။ အမေနှင့် အစ်ကိုလတ် တို့ကိုခေါ်ပြီး ဆိုင်အပြင်သို့ ထွက်လာခဲ့သည်။ ရတာမလို လိုတာမရ ခွကျကျသူ့ အဖြစ်ကို အမေ တို့မသိစေချင်။ မမအပေါ် အမြင် မကြည်တာ တစ်ခုခု ရှိခဲ့လျှင် ဇယား ရှုပ်သွားနိုင်သည်။
”သားရယ်၊ ခွင့်ရက်တွေ ယူလာပြီးမှ အေးအေးဆေးဆေးနေပါ ဦးလား၊ မင်းမကြိုက်တာ အမေတို့ ဘာမှ ဆက်မလုပ်ဘူး၊ စိတ်ချ”
”တခြားကိစ္စ တစ်ခု ဖြတ်ဝင်လာလို့ပါ၊ သိပ်မကြာခင် ကျွန်တော်ပြန်လာပြီး အကြာကြီးနေမှာ အမေ၊ သေချာတယ်၊ အစ်ကိုလတ် ဂိတ်မှူး ဦးလေးကြိုင်ကို မြင်မိလား၊ ကူရှာပေးပါဦး”
”ဦးလေးကြိုင် ဟိုဆိုင်ထဲမှာလေ၊ ဟောထွက်လာပြီ”
အမေတို့ မသိစေချင်သောကြောင့် လမ်းတစ်ဖက်ဆီဖြတ်ကူးပြီး အပြေးအလွှားတွေ့လိုက်ရသည်။
”ကားဝင်လာနေပြီ၊ မောင်ရင်လိုက်မှာလား”
”လိုက်မှာဦးလေး၊ ကျွန်တော့်ကို မသီရိရဲ့ဖုန်းနံပါတ်ကလေး ကျေးဇူးပြုပါဦး၊ မေ့လာခဲ့လို့”
”သြော် ဟောဒီထဲမှာ ကူးယူလိုက်”
နံပါတ်တွေကို သူ့ဖုန်းထဲကူး ထည့်နေစဉ် ကားရောက်လာသည်။ အမေတို့ဆီပြန်လာနှုတ်ဆက်ကာ ကားပေါ်တက် နေရာယူလိုက်သည်။ လမ်းစီးတွေ သိပ်မပါချိန် မို့ ချောင်ချောင်ချိချိရှိနေသည်။
”သား လင်းမြတ်၊ မင်းအဒေါ်ကရော ချက်ချင်းပြန်လွှတ်ပါ့မလား”
”ဒေါ်လေးကို အသိမပေးတော့ဘူးအမေ၊ အလုပ်ကိစ္စအကြောင်းပြပြီး လစ်လာခဲ့မှာ၊ စိတ်ချနော် အမေ”
အမေနှင့်အစ်ကိုလတ်တို့ ဆိုင်ကယ်ထွက်သွားတော့မှ ရင်တထိတ်ထိတ်ဖြင့် မသီရိဖုန်း နံပါတ်တွေကိုနှိပ်လိုက်သည်။
”ကျွန်တော် လင်းမြတ်ပါမမ”
”အိုး ဖုန်းနံပါတ်ဘယ်ကရတာလဲ”
”ဦးလေးကြိုင်ဆီက”
”မင်း တော်တော်ဆိုးပါလား၊ ငါ့ပုံကိုလည်း ရိုက်ယူသေးတယ်”
”တောင်းပန်ပါတယ်၊ ကျွန်တော် မပြန်ချင်ဘဲ ပြန်ရတော့မယ်၊ ယောက်ျား ဆိုတာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ရှိရတယ်လို့ မမက ပိတ်ပြော လိုက်တော့ တော်တော်ဆွေး သွားတာပေါ့၊ သိပ်မကြာဘူး ကျွန်တော် ပြန်လာခဲ့မှာ၊ မမကို အမြဲမြင်တွေ့နေချင်တယ်၊ ဘယ်လို မှမေ့လို့လည်း ရမှာ မဟုတ်တော့ပါဘူးဗျာ”
”အိုး၊ မင်းဘာတွေပြောနေတာလဲ”
”ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်မှန်းကို မသိတော့ပါဘူးဗျာ၊ မမကို ကျွန်တော် ချစ်တယ်၊ မနေနိုင် မထိုင်နိုင်အောင် မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီးချစ်တာပါ၊ စိတ်မဆိုးပါနဲ့နော်”
”မင်းဘာသာချစ်တာ ချစ်ခွင့်ရှိတာပဲ၊ စိတ်ဆိုးစရာမှမဟုတ်တာ၊ တစ်ခုပဲ ငါ့ဘက်ကလည်း ငြင်းခွင့် ရှိတယ်ဆိုတာ သိရင်ပြီးရော၊ ဒါပဲမဟုတ်လား”
”ဟာ နေပါဦး၊ ချက်ချင်းကြီး မဆုံးဖြတ်လိုက်ပါနဲ့မမရယ်”
”မင်းကိုယ်တိုင် မိန်းမတွေကို အပြင်းအထန် ငြင်းဆန်ခဲ့ပြီးပြီလေ”
”ဘာကို ပြောတာလဲမမ”
”မင်းဘဝခရီး ပန်းတိုင်မှာ မိန်းမနဲ့အချစ် ကိစ္စကို တတိယနေရာမှာ ပဲထားတယ်ဆို၊ ကျော်လွန် ဆက်ဆံမိရင် ဇယားရှုပ် တယ်ဆို”
”မမနဲ့မတွေ့မီက ဟုတ်တယ်၊ အခု ပထမနေရာ ပြောင်းထားလိုက် ပြီ၊ ဇယားရှုပ်တယ် လို့လည်း မမြင်တော့ဘူး”
မမရယ်သံကိုကြားရသည်။
”မင်းအမေနဲ့ အစ်ကို မင်းမြတ် တို့ဆိုင်ကို လိုက်လာကြတော့ ဖွင့်မပြောဖို့ ကြိုပိတ်ထား လိုက်တာ၊ မင်းဟာ ကြိုတင် လေ့လာစူးစမ်းမှု မရှိဘဲ ရမ်းတုပ် တတ်တာက လွဲရင် သိပ် မဆိုးပါဘူး၊ ငယ်လည်း ငယ်သေးတာကိုး၊ အမှန်ကိုမြင်ရင် ပြု ပြင်ပြောင်းလဲနိုင် စွမ်းတော့ ရှိတယ်၊ ဒါပေမဲ့ တွေးခေါ် ဆင်ခြင်မှု အားနည်းတော့ အမြဲ မှားလိုက်ငြင်း လိုက် ဖြစ်နေမှာ၊ မင်းပြန်သွားရင် ဒီဇာတ်လမ်း ပြတ်ပြီ၊ ခုတော့ မင်းကပေရှည် နေပြန်ပြီ”
”မမပြောတာတွေ တစ်ခုမှနားမလည်ဘူးဗျာ”
”မင်းပြောခဲ့တဲ့ ဓားပြ လူဆိုးကြီး ဦးသံရုံနဲ့ နောက်ဆုံး လက်ကျန် အငယ်ဆုံးသမီး ဆိုတာပါပဲ၊ ငါ့ နာမည်က သီရိရုံ”
”ဗျာ၊ မမတကယ်ပြောနေတာလား”
”ဒါနောက်စရာလား၊ အားလုံးက မသီရိလို့ခေါ်ကြတာ မင်းကြားခဲ့တာပဲ၊ မယုံရင် မင်းအမေ နဲ့ တစ်ရွာလုံးကို ဖုန်းဆက်မေးပေတော့”
”အား၊ ကျွန်တော် အရူးလုံးလုံး ဖြစ်ခဲ့တာပဲ၊ ဘာပဲဖြစ်ဖြစ်ဗျာ၊ ကျွန်တော် မမကို ချစ်တာ သေချာတယ်၊ ဒါက သူ့ဘာသာ ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ ကျွန်တော် ကိုယ် တိုင် ပြန် ရုပ်သိမ်းလို့မရတော့ဘူး”
”အိုး”
”မမ မမ”
တစ်ဖက်က ဖုန်းပိတ်သွား သည်။ ပြန်ခေါ်ကြည့်တော့လည်း မရ။ မမဆိုင်ဘက်ဆီ လည်ပြန် လှမ်းအကြည့်တွင် ကားက ဝူးခနဲ ဆောင့်ထွက်လေသည်။
ဖူးသစ်မော်