Quantcast
Channel: ရသ၀တ္ထုတို – Yati Magazine
Viewing all articles
Browse latest Browse all 212

သိက္ခာဆည်ပွဲ

$
0
0

(၁)

ကိုမောင်ကြီးတစ်ယောက် ဖြစ်စကတော့ ရိုးရိုးဖျားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်လဲတဲ့အထိ ဖြစ်လာတော့ ကိုမောင်ကြီးအမေ ဒေါ်မြစိန်ခမျာ စိုးရိမ်စပြုလာခဲ့ပြီ ပေါ့။ ကိုမောင်ကြီးအဖြစ်ကိုလည်း ကြည့်ဦး တစ်ရက်ကနှစ်ရက်ကူးလို့ လတောင်မကူးသေးဘူး လူဆိုတာ ရုပ်ဖမ်းလို့မရလောက်အောင် ပိန်ကျ သွားလိုက်တာ ဝိတ်မှန်မှန်ကစား ထားတဲ့ကြွက်သားစိုင်တွေဆိုတာ ဘယ်နားသွားရှာရမှန်း မသိလောက် အောင်ကိုး။ ငယ်ငယ်ကတည်းက ဖျားနာတာမပြောနဲ့ နှာစေး၊ အအေး မိတောင်မဖြစ်သလောက် ကျန်းမာခဲ့ သူဆိုတော့ဆေးရုံဆေးခန်းပြဖို့ပြော တိုင်း ခေါင်းချည်းခါနေတာမို့ မြို့မ ဈေးထဲမှာရှိတဲ့ ဂျမားလေးဆေးဆိုင် က စပ်ဆေးနဲ့ပဲ ချော့မော့တိုက်ပြီး ကုရတာပေါ့။ သူတို့မြို့လေးမှာက ဖျားပြီ၊ နာပြီဆိုရင်ဆေးရုံ၊ ဆေးခန်း ထက် ဂျမားလေးဆေးဆိုင်ကိုပဲ အရင်ပြေးမြင်မိကြတာမျိုး။ လက် ဆိပ်ရှိတယ်ပဲဆိုဆို တော်ရုံတန်ရုံ ဝေဒနာလောက်ကတော့ ဖြစ်ပုံ အသေးစိတ်သာ ပြောပြလိုက်၊ဂျမားလေးရဲ့ စပ်ဆေးသုံးခွက်မကုန် ခင် သက်သာသွားကြတာက အများ သား။ တစ်ခါတစ်ရံ ဆေးခန်း သုံးလေးခုပြောင်းလို့ မသက်သာခဲ့ သူတွေ ဂျမားလေးရဲ့ စပ်ဆေးနဲ့မှပျောက်ကင်းသွားကြတာမျိုးလည်း ကြုံရ၊ ကြားရတတ်သေးတာ။ ဒါကြောင့် သူတို့မြို့လေးမှာ ဂျမား လေးဆိုရင် အထူးကုပါရဂူကြီး လောက်နီးနီး အားကိုးကြရှာတာ။အကျိုးပေးသန်ပုံကလည်း ရောင်း တာချင်းအတူတူ ဈေးထဲက တခြား ဆေးဆိုင်တွေ ဈေးဦးမပေါက်ဘဲ အိမ်ပြန်ရတဲ့ရက်တွေ ရှိချင်ရှိမယ်။ ဂျမားလေးတို့ညီအစ်ကိုတွေ ကုလား ထိုင်မှာအေးအေးလူလူထိုင်နေတာ မျိုးများ တစ်ခါမှ မတွေ့ဖူးဘူး။

ဒီလောက်နာမည်ကြီးတဲ့ ဂျမားလေးရဲ့ စပ်ဆေးခွက်ရေတော် တော်များတဲ့အထိ မသက်သာဘူး ဆိုတော့ ဒေါ်မြစိန်လည်း အထိတ် တလန့်ဖြစ်ရပြီပေါ့။ သားဖြစ်သူကိုဆေးရုံဆေးခန်းပြဖို့ ပြောမရတော့ အညှာကိုင်နိုင်မယ့် ကိုမောင်ကြီးရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အောင် အောင့်ကို စစ်ကူတောင်းရတော့ တယ်။ အောင်အောင်ဆိုတာက လည်းကိုမောင်ကြီးနဲ့ မူလတန်းက တည်းက စားအတူ၊ သွားအတူ ပခုံး ဖက်ပေါင်းလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်းပါ။ တက္ကသိုလ်တက်လို့ ဘွဲ့တွေအသီးသီးရကြတော့လည်းသူငယ်ချင်းနှစ်ယောက် မခွဲလိုကြ တာကတစ်ကြောင်း၊ ရတဲ့ဘွဲ့ လည် ပင်းဆွဲပြီး အလုပ်ရှာပြန်တော့လည်း ပညာတတ်ပေါတဲ့ သူတို့ခေတ်မှာ ဘဝအာမခံချက်ရှိတဲ့ အလုပ်မျိုးရဖို့မသေချာတာကတစ်ကြောင်းတို့ ကြောင့် ဘွဲ့လက်မှတ်တွေကို ဧည့် ခန်းနံရံမှာ မှန်ပေါင် သွင်းချိန်ကြပြီး သူငယ်ချင်းနှစ်ယောက်ပေါင်းကာ ကိုယ်ပိုင်စီးပွားလုပ်ဖို့ တိုင်ပင်ကြ တယ်။ဒီမှာတင် ကိုမောင်ကြီးက အဖေမသေခင်ကတည်းက အဖေ့ရဲ့ ပန်းတိမ်လုပ်ငန်းကို ကျောင်းတက် ရင်းနဲ့ စိတ်ဝင်တစားလေ့လာခဲ့သူမို့ ကိုမောင်ကြီးရဲ့ဝါသနာကို အရင်း တည်ပြီးအောင်အောင်က ငွေစိုက် ထုတ်လို့ မြို့မဈေးထဲမှာ သူငယ်ချင်း နှစ်ယောက် ရွှေဆိုင်လေးစဖွင့်ခဲ့ကြ တယ်။ မကြာပါဘူး ကိုမောင်ကြီးရဲ့ ခေတ်နဲ့အမီ တီထွင်ဆန်းသစ်မှုရှိတဲ့လက်ရာလေးတွေက သူတို့မြို့မှာ တစ်စစ နာမည်ရလာခဲ့တယ်။ အောင်အောင်ရဲ့ ဈေးကွက်မြင်ပြီး သင့်တင့်တဲ့အလျော့တွက် လက်ခ လေးတွေကြောင့်လည်း ရောင်းပန်း ဝယ်ပန်းလှလို့ပုံမှန်ဖောက်သည် လည်း ရှိလာခဲ့ကြတယ်။ ဒါနဲ့ပဲ ဆိုင်ခန်းတိုးချဲ့ လူအင်အားထပ်ဖြည့် နဲ့ အတော်လေး အဆင်ပြေလာကြ တယ်။

ဒီလိုနေလာကြရင်း ကျောင်း တက်တုန်းက သူတို့ထက် နှစ်တန်း ငယ်တဲ့ အိမွန်နဲ့အောင်အောင် အိမ် ထောင်ကျတယ်။ ဒါပေမဲ့ သူငယ် ချင်းကို ဘယ်လောက်ချစ်သလဲဆို ရင် အိမွန်ကိုလက်ထပ်မယူခင် ကတိတွေ အထပ်ထပ်တောင်းခဲ့ တာ၊ ကိုမောင်ကြီးကို အစ်ကိုအရင်း တစ်ယောက်လို သဘောထားရမယ်။ စီးပွားရေးကိစ္စတွေ ဝင်မစွက်ရဘူး စသဖြင့်ပေါ့။ဒိုးတူပေါင်ဖက်လက် တွဲခဲ့ကြတဲ့ သူငယ်ချင်းနဲ့ မိန်းမရခါမှ စိတ်ဝမ်းကွဲတာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်တာလည်း ပါတာ ပေါ့လေ။ သူက ငွေစိုက်ထုတ်ထားရ တယ်ဆိုပေမယ့်အကျိုးတူလို့ပဲ သဘောထားခဲ့တာကိုး။ ဒီလုပ်ငန်း အောင်မြင်တာကလည်း ကိုမောင် ကြီးရဲ့ ခေတ်အခြေအနေလိုက်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့ အရည် အချင်းတွေကအဓိကကျတယ်လို့ ခံယူထားတာ။ အိမွန်ကလည်း သဘောထား သေးသိမ်သူမဟုတ်ပါ ဘူး။ ကျောင်းတက်စဉ်ကတည်းက ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ တပူးတွဲ တွဲမခွဲတဲ့သံယောဇဉ်အစိုင်အခဲကို သိရှိခဲ့တာပဲ။ အောင်အောင်နဲ့ ဖူးစာ ဆုံတော့လည်း ကတိတွေအထပ်ထပ် ပေးပြီး လက်ဆက်ခဲ့ရပေမယ့် သူငယ်ချင်းထိခိုက်မှာကို စိုးရိမ်လို့ဆို တာနားလည်တော့ အသာတကြည် ပဲ ခေါင်းညိတ်ခဲ့ရှာတာပါ။ အောင် အောင်နဲ့ အိမ်ထောင်ကျပြီး ဆိုင်ရဲ့ ငွေကောင်တာမှာ မိန့်မိန့်ကြီးထိုင်ခဲ့ရ ပေမယ့် လုပ်ငန်းပိုင်း၊ ငွေရေးကြေးရေးပိုင်းတွေမှာ လုံးဝမစွက်ဘဲ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ သဘော ကိုသာ ရှေ့တန်းတင်ခဲ့သူပါ။ သူမ ရော အောင်အောင်မှာပါ အမေမရှိ ကြတော့ ကိုမောင်ကြီးအမေကို လည်းအမေရင်းလို သဘောထားပြီး လိုလေသေးမရှိအောင် ဂရုစိုက်ပြုစု ကြရှာတာပါ။

ဒီလောက် သံယောဇဉ်ကြီးတဲ့ သူငယ်ချင်းတွေဆိုတော့ ကိုမောင် ကြီးကျန်းမာရေးအတွက် အောင် အောင်ခမျာလည်း စိုးရိမ်တကြီးနဲ့ ပေါ့။ စဖြစ်ကတည်းက ဆိုင်ကိုအိမွန် နဲ့ပစ်ပြီးကိုမောင်ကြီးဆီ မကြာခဏ လာလို့ ဆေးရုံ၊ ဆေးခန်းပြဖို့ ဆေးစစ်ကြည့်ဖို့ အတန်တန်ပြော ရှာပါတယ်။ ဒါပေမဲ့ ကိုမောင်ကြီး ခေါင်းမာတာကို သိထားတော့လည်း အခက်သီတင်းကျွတ်ဖို့ကလည်း နီးလာတော့ အလှူမင်္ဂလာဆောင် တွေအတွက် အပ်ထည်တွေကလည်း ကျ၊ ဖောက်သည်ရင်းတွေကလည်း ကိုမောင်ကြီးလက်ရာမှ သဘောကျကြတာဆိုတော့ ဆိုင်မှာလည်း ကသီလင်တဖြစ်လို့ နေတယ်။ ဒါပေမဲ့ စီးပွားရေးထက် ကိုမောင်ကြီး ရဲ့ အခြေအနေကိုပဲ စိုးရိမ်တာက အရင်းခံပါ။ ကိုမောင်ကြီးကို အစုံ နည်းနဲ့ဖျောင်းဖျမရတဲ့အဆုံး လင်မယားနှစ်ယောက် ဒေါ်မြစိန်နဲ့ တိုင်ပင်ပြီး တစ်ရက်မှာ မှန်လုံကား ကြီးငှားချလာကာ ဆိုင်ကအလုပ် သမားတွေနဲ့ ဝိုင်းပွေ့လို့ ကားပေါ် တင်ပြီး ရန်ကုန်မှာရှိတဲ့နာမည်ကြီး အထူးကုဆေးရုံကို ပို့ကြဖို့လုပ်သေး တယ်။ အဲဒီအချိန်မှာ မျက်ရည်တွေ တွေကျရင်းက အောင်အောင့်ကို စိမ်းစိမ်းကြည့်ပြီး ကိုမောင်ကြီး စကားတစ်ခွန်း ပြောတယ်။ ” မင်းငါ့ကိုမချစ်ဘူးလား” တဲ့။ ကိုမောင် ကြီးရဲ့စကား ကြားလိုက်ရတဲ့အခါ အောင်အောင့်ခမျာ ကြက်သေသေ လို့ အတော်ကြာ ငိုင်သွားရှာတယ်။ နောက်မှ ကိုမောင်ကြီး ကွယ်ရာသွား ပြီးရှိုက်ကြီးတငင်ငိုလိုက်တာဆိုတာ။ သူ့သူငယ်ချင်း မျက်ရည်ကျအောင် လုပ်မိလေခြင်းဆိုပြီး ယူကျုံးမရနဲ့  ခြံစည်းရိုးတိုင်ကို ထိုးလိုက်တာ လက်တွေမှာ သွေးချင်းချင်းနီလို့။သူငယ်ချင်းနှစ်ယောက်အဖြစ်ကို ကြည့်ပြီး ကျန်တဲ့လူတွေလည်း မျက်ရည်မ ဆည်နိုင်ကြဘူး။ အဲဒီ ကတည်းက ကိုမောင်ကြီးသဘော အတိုင်းသာ ရှိပါစေတော့ဆိုပြီး အားလုံးလက်မှိုင်ချနေကြရတော့ တယ်။

(၂)
ကိုမောင်ကြီး ဘယ်လောက်ပဲ ခေါင်းမာနေပေမယ့် တစ်ရက်မှာ သူ့ကိုလှုပ်မယ့်သူတစ်ယောက် ပေါ် လာတယ်။ တခြားသူတော့ မဟုတ် ပါဘူး။ သူတို့ရပ်ကွက်ထဲက ပဲပြုတ် သည်ဒေါ်ပိန်ပါ။ နာမည်ရင်းက ဒေါ်ချစ်လှတဲ့။ လူက လေတိုးရင် လဲကျလောက်အောင်ပိန်လို့ နာမည် ရင်းပျောက်ပြီး ဒေါ်ပိန်တွင်နေတာ။ ဒါပေမဲ့ အသံကတော့ လူနဲ့လိုက် အောင်ညောင်နာနာလို့ မထင်လိုက် နဲ့။ ဒေါ်ပိန်ပဲပြုတ်လို့ အော်တဲ့အသံ က ဒီဘက်လမ်းထိပ်က အော်ရင် ဟိုးလမ်းတစ်ဖက်ဆုံးအိမ်မှာ အိပ် နေတဲ့လူ လန့်ဖျပ်ပြီး ငုတ်တုတ်ထထိုင်ရလောက်တဲ့အထိ အောင် တာ။ မနက်အစော ရုံး၊ ကျောင်း သွားရမယ့်လူတွေဆို နှိုးစက်နာရီ သံပတ်ပေးထားစရာ မလိုဘူး။ ဒေါ်ပိန့်အော်သံကို စံတော်ချိန်လုပ် ပြီးထကြတာများပါတယ်။ အဲဒီနေ့ ကလည်း စဖြစ်ကတည်းက ဟုတ်တိ ပတ်တိ အစာမဝင်တဲ့ကိုမောင်ကြီးက ပဲပြုတ်ကို ထမင်းပူဆီဆမ်းလေးနဲ့ စားချင်တယ်ဆိုလို့ ဒေါ်မြစိန်ခမျာမနက်စောစောထပြီး ဒေါ်ပိန်အလာ ကို စောင့်နေရှာတာ။
ဒေါ်ပိန်အိမ်ရှေ့နားရောက် တာနဲ့ ဒေါ်မြစိန် ကမန်းကတန်း ခြံတံခါးပြေးဖွင့်ရင်း ခေါ်လိုက် တယ်။

”မယ်ပိန်ရေ လာဦးဟေ့”
”လာပြီအစ်မ၊ ဘယ်လောက် သားယူမှာလဲ”
”တစ်ဆယ်သားလောက် ထည့် ဟယ်”
”အစ်မဟာ အရင်ရက်တွေက ငါးကျပ်သားဝယ်တာတောင် စား မကုန်လို့ဆို”
အရင်ကထက် ပိုရောင်းနေရ တာတောင် ဒေါ်ပိန်တို့က ဈေးသည် ပီပီ စကားရှာကြံပြောနေသေးတာ။
”ညက ညည်းတူစားချင်တယ် ပြောလို့ပါဟယ်။ အစာမဝင်တာ ကြာပြီဆိုတော့ သူတောင့်တတုန်း လေး စားနိုင်မလားလို့ ပိုဝယ်ရတာ ပါ”
”ဟုတ်လား မောင်ကြီး သက် သာရဲ့လား အစ်မ”
”ဒီလိုပါအေ၊ အိပ်ရာထက်က မထနိုင်သေးပါဘူး”
အမှန်တော့ ဒေါ်ပိန့်အော်သံ ကြားကတည်းက ကိုမောင်ကြီး နိုးနေတာပါ။ သူ့အကြောင်း စကား ထဲပါလာတော့ အသာငြိမ်နေလိုက် တာ။ ဒီလိုနဲ့ ပေးတဲ့ပိုက်ဆံယူ၊ အမ်းစရာရှိတာပြန်အမ်းပြီးလို့ တောင်းခေါင်းပေါ်ရောက်တဲ့အထိ ဒေါ်ပိန် ထွက်မသွားနိုင်သေးဘူး။

”ဟို ဟိုအစ်မ”
”ဟေ”
”ကျွန်မတော့ မဟုတ်မှလွဲရော ဟိုဟာလို့ ထင်တာပဲ”
”ဘာတုံးဟဲ့ ဟိုဟာဆိုတာ”
”မောင်ကြီး ပြောပါတယ်”
”အေးလေး ဘာဖြစ်တုံး”
ပြောမယ့်စကားကို ပလ္လင်ခံနေ တဲ့ဒေါ်ပိန်ကို ဒေါ်မြစိန်စိတ်မရှည် ချင်ဖြစ်လာတယ်။
”အေများကိုက်နေလားလို့”
ဒေါ်ပိန်စကားကြောင့် ကိုမောင်ကြီးငြိမ်နေရာက ထောင်း ခနဲ ဒေါသထွက်သွားတယ်။ ဒေါ်မြ စိန်ကတော့ သဘောမပေါက်ရှာ သေးဘူး။
”ဘာလဲ အေကိုက်တယ်ဆို တာ”
”အို အေအိုင်ဒီအက်ဆိုလား ဘာလား အဲဒီရောဂါလေ”
ဒီတော့မှ ဒေါ်မြစိန်လည်း အထိတ်တလန့်နဲ့
”အလိုတော် ရှာရှာပေါက် ပေါက် ကျုပ်သားက ဒီလိုရောဂါမျိုး ဖြစ်စရာလားအေ့”
”ဟုတ်တယ်အစ်မရဲ့ ရွာသစ် ပိုင်းက ဖိုးတူး အဲဒီရောဂါဖြစ်တုန်းက ကျွန်မ သေချာကိုကြည့်ထားတာ ပုံစံက အခုမောင်ကြီးလိုပဲ အရိုးပေါ် အရေတင်နဲ့ တစ်ကိုယ်လုံးလည်း အဖုတွေအကျိတ်တွေက အနှံ့ပဲ နောက်ဘာကြာလို့လဲ သေရာ”

ဒီတော့မှ မောင်ကြီးလည်း ညကပူလွန်းလို့ အင်္ကျီလှန်ထားမိတာ ကို သတိရမိတယ်။ တစ်ဖက်စောင်း လျက်ဆိုတော့ ကျောပေါ်က အိပ်ရာ နာတွေ မြင်သွားမှာပေါ့။
ဒေါ်ပိန်ကတော့ နကန်း တစ်လုံးမသိဘဲ ကျားကျားမီးယပ် လုပ်နေပြီကော။

”ဟဲ့ ဒီရောဂါမျိုးဆိုတာ ဖိုးထူး လို မူးပေတေပြီး မဟုတ်တာမျိုးစုံ လုပ်နေတဲ့ ကောင်မျိုးပဲ ဖြစ်မှာပေါ့။ ငါ့သားလို ရိုးရိုးသားသားလူမျိုးက ဖြစ်စရာလား”
”အမယ်လေး အစ်မရယ်၊ လူရိုးသင်္ချိုင်းမှာပဲရှိတယ်။ ကွယ်ရာ မှာ ကမြင်းခဲ့ရင် အစ်မသိတာမှတ် လို့”
”တော်ပြီ ကောင်မ ညည်းကိုယ့် ဈေးကိုယ်ရောင်းပြီး ကိုယ့်ထမင်း ကိုယ်စားပါအေ၊ မဟုတ်မဟတ် စကားတွေ လာပြောမနေပါနဲ့။ တော်ကြာ ငါ့သားလေး ကြားသွားပါ့ မယ်။ ညည်းဈေးရောင်းရဦးမှာ မဟုတ်လား သွား သွား”

ဒေါ်မြစိန်လည်း စိတ်ပေါက် ပေါက်နဲ့ ဒေါ်ပိန့်ကို သာသာပဲမောင်း ထုတ်လိုက်တယ်။
”စောမေတို့က နောကျေလို့ ပြောရတာပါနော်။ နောက်တော့မှ မယ်ပိန်ရယ်၊ ညည်းပြောတာ မှန်လှ ချည်ရဲ့လို့ ငိုချင်းလာမချနဲ့”
ဒေါ်ပိန်က ပြောလည်းပြော သွားလည်းသွားနဲ့ လမ်းမအရောက် မှာ အဖျားခတ် ခတ်လိုက်သေး တာ။
”ဟောဒီက ပဲပြုတ်ပူပူနွေးနွေး  လတ်လတ်ဆတ်ဆတ်ကလေးနော်၊ ပိုးတွေမွှားတွေ ရောဂါတွေ အကုန် ကင်းတယ်ဟေ့”

ဒေါ်ပိန်ဆိုတာကလည်း သူတို့ မြို့လေးမှာ အိမ်ပေါက်စေ့ ဈေးရောင်းရင်း သတင်းမျိုးစုံကို အခမဲ့ဖြန့်ချိနေတဲ့ မီဒီယာသမား လေ။ ဟုတ်တာ၊ မဟုတ်တာအပ ထားလောလောဆယ်မှာတော့ ဒေါ်ပိန့် ပြောစကားအပေါ် ခေါင်းညိတ် လက်ခံလိုက်ကြရတာချည်းပါပဲ။ သေချာတာကတော့ ကိုမောင်ကြီး အကြောင်းက နေ့မကူးဘဲ ဒီမြို့လေး မှာဟိုးလေးတကြော် ဖြစ်ပြီဆိုတာပဲ။ ဒေါ်ပိန် မျက်မှန်းနဲ့ သတ်မှတ်သွားတဲ့ ရောဂါကိုလည်း ကြည့်ဦး။ မိမိ ကိုယ်တိုင်တင်မက မိသားစု၊ ဆွေမျိုး တွေပါ အဖတ်ဆည်မရအောင်သိက္ခာလုံးလုံးကျရမယ့်အဖြစ်။ ဒီကြောက်စရာ ရောဂါဆိုးကြီးက သူတို့မြို့လေးနဲ့ ရင်းနှီးခဲ့တာ ဘာကြာသေးတုံး။ ဒီရောဂါဖြစ်ပြီး သုံးလေးငါးယောက်လောက် သေဆုံးပြီးနောက်ပိုင်းတစ်ယောက် ယောက်နေမကောင်းဖြစ်ပြီး ပိန်ကျ မသွားလိုက်နဲ့ အေကိုက်ပြီပဲ မှတ်ကြ တာ ကျန်းမာရေးဗဟုသုတ မရှိကြ တဲ့သူက ခပ်များများဆိုတော့ ဒီကြောက်စရာရောဂါဆိုးကြီးကဘာကြောင့်ဖြစ်တယ်။ ဘယ်လို ကူးတယ်၊ ဘယ်နည်းနဲ့ကြိုတင် ကာကွယ်ရမယ်ဆိုတာလည်း ဂဃနဏသိကြတာ မဟုတ်ပါဘူး။ လောကမှာ လူညီရင် ‘ဤ’ ပီဖို့ထက် ‘ကျွဲ’ ဖတ်ဖို့ပိုအားသန်ကြတာ ဓမ္မတာမို့လို့ ကာယကံရှင်တွေ ဘယ် လောက်ထိခိုက်ခံစားရမလဲ မတွေး ကြဘဲ အထင်နဲ့ရမ်း တုတ်လိုက်ကြ တာမျိုး။ အမှန်တကယ် ဒီရောဂါဖြစ် လို့ဆုံးပါးသွားခဲ့သူတွေရဲ့ မိသားစု အဝိုင်းအဝိုင်းတောင် လူမြင်ကွင်းမှာ တော်တော်နဲ့ မျက်နှာမပြဝံ့လောက် အောင် အရှက်ရ၊ ဂုဏ်သိက္ခာကျရ တာမျိုးဆိုတော့ ပါးစပ်သတင်းနဲ့ရမ်းသတ်မှတ်ခံရပြီး ဆုံးပါးသွားသူ တွေရဲ့ မိသားစုဝင်တွေခမျာ ရှက် တာအပြင် မခံချိမခံသာနဲ့ ဒေါသ ထွက်ရတာကပါ ထပ်ထိုးပြီး နှစ်ဆ ခံစားကြရတော့တာပေါ့။ မဟုတ်ပါ ဘူးဆိုပြီးအရပ်ထဲထွက်ရှင်းရင် လည်း တစ်ရှက်က နှစ်ရှက်ဖြစ်မယ့် အပေါက်။ ဒီလိုသတင်းမျိုးက ပျံ့ဖို့ သာလွယ်တာ အရင်းအမြစ်ကျတော့ ဘယ်ကစတင်မှန်းမသိတာမို့ တော် တော်ကသိကအောက်ဖြစ်ကြရရှာ တာ။

ကိုမောင်ကြီး တွေးရင်းနဲ့လန့် လာမိတယ်။ သူ့အတွက်ထက် တကယ်လို့များ သူလွန်ခဲ့ရင် လောကအလယ်မှာ လူလုံးထွက်မပြ ဝံ့ဘဲ ရှက်ရွံ့အားငယ်နေရရှာမယ့် မိခင်အတွက်အသည်းအသန် စိုးထိတ်သွားမိတယ်။ ဒေါ်မြစိန် လည်း ဒေါ်ပိန့်စကားတွေကို မောင်ကြီး မကြားလောက်ပါဘူးလေ ဆိုတဲ့အတွေးနဲ့ ပဲပြုတ်ပန်းကန်လေး ကိုင်ပြီး မီးဖိုဘက်အသာဝင်မယ် အလုပ် ကိုမောင်ကြီးဆီက အသံ ထွက်လာတယ်။

”အမေ”
”ဟေ”
ခေါ်သံကြောင့် ဒေါ်မြစိန် လည်း လန့်ဖျပ်ပြီး ကိုမောင်ကြီးနား အရောက်မှာ အသားတွေတဆတ် ဆတ်တုန်နေရာက စကားတစ်ခွန်း ကို ကိုမောင်ကြီး အားယူပြီး ပြောရှာ တယ်။
”အောင်အောင့်ကို ခေါ်ပေး”
တဲ့။
(၃)
ဒီနေ့ ကိုမောင်ကြီးရဲ့ ရောဂါ အဖြေကို သိရမယ့်နေ့။ အောင် အောင်ပြန်အလာကိုမျှော်ရင်း ဒေါ်မြစိန်နဲ့ အိမွန်တို့နှစ်ယောက် ရင်တမမနဲ့ စိုးရိမ်ကြီးနေကြပေမယ့် ကိုမောင်ကြီးကတော့ခုတင်ပေါ်မှာ အသာမှိန်းလို့ အထူးတည်ငြိမ်နေ တယ်။ အောင်အောင်ခမျာလည်း ကိုမောင်ကြီးက ဆေးစစ်ကြည့်ချင် တယ်လည်းပြောရော ချက်ချင်းဆို သလိုအပြေးအလွှားစီစဉ်လိုက်တာ နောက်တစ်နေ့လင်းတာနဲ့ ရန်ကုန် မြို့ရဲ့ အကောင်းဆုံးအထူးကုဆေးရုံ ကြီးက လူနာတင် ယာဉ်အိမ်ရှေ့ ရောက်လာခဲ့တယ်။ လိုအပ်တဲ့ ဆီး၊ ဝမ်း၊ သွေး၊သလိပ်အစရှိတာတွေ စစ်ဆေးလို့ ဓာတ်မှန်စတာတွေ လည်း ရိုက်ပေါ့။ ဒီနေ့ အဖြေသွားယူ တော့လည်း အောင်အောင် သူ့ကို လှည့်မှာစိုးလို့ လိုက်မယ်ချည်းလုပ် နေတာနဲ့ကတိအထပ်ထပ်ပေးပြီး မနည်းချော့ မော့တောင်းပန်ခဲ့ရ တာ။
”အောင်အောင် ရောက်ပြီလား၊ ဘာရပ်လုပ်နေတာလဲ”

ခြံဝမှာ ကားရပ်လိုက်ကတည်း က ကိုမောင်ကြီးသိတာပါ။ ကားပေါ် ကဆင်းပြီး ခြံထဲဝင်ဖို့ တွန့်ဆုတ်နေ တဲ့ အောင်အောင့်ကို လှမ်းပြောတဲ့ ကိုမောင်ကြီးအသံကြောင့် နောက်ဖေးခဏဝင်နေတဲ့ ဒေါ်မြစိန်နဲ့အိမွန် လည်း အပြေးအလွှားထွက်လာကြ တယ်။ အောင်အောင် အိမ်ပေါ်တက် လာတော့ အဖြေက မပြောလည်း သိရမယ့် အနေအထားပါ။ တစ်လမ်းလုံးငိုလာပုံရတဲ့ အောင်အောင့်မျက် လုံးအစုံက နီရဲမို့အစ်နေတာကိုး။

”အဖြေက ဘာတဲ့လဲ”
အိမွန်ကမ်းပေးတဲ့ ရေတစ်ခွက် ကုန်အောင်သောက်ပြီးတဲ့ အချိန်မှာ ကိုမောင်ကြီးက မေးတယ်။
”ဆေးရုံတက်ပြီး သေချာကု လိုက်ရင် ပျောက်သွားမှာပါကွ”
”အောင်အောင်”
ပထမတော့ ဒေါ်မြစိန်ပါရော ပြီး ထိခိုက်သွားမှာစိုးလို့ လှည့်ပတ် ပြောပြီး ညာထားဦးမလို့ပါပဲ။ ဒါပေမဲ့ ဟန်မဆောင်တတ်တဲ့ သူ့ရဲ့ ပျော့ကွက်ကိုသိတဲ့ ကိုမောင်ကြီးကို လည်းအောင်အောင်ခမျာ မလွန် ဆန်နိုင်ပြန်ဘူး။ မျက်နှာပျက် ယွင်းစွာနဲ့ ပြောမထွက်ဖြစ်နေတဲ့ အောင်အောင်နားကို လျှောက်လို့ ပခုံးလေးကိုင်ရင်း ဒေါ်မြစိန်က တည်ငြိမ်အေးဆေးစွာနဲ့ ပြောတယ်။

”ပြောမှသိရမယ့်ကိစ္စပဲ သား ရယ်၊ ဘာမှစိတ်မကောင်း ဖြစ်မနေ ပါနဲ့ သားဆီကအဖြေကိုသိမှ အမေ တို့အားလုံး ဝိုင်းပြီးအကောင်ဆုံး နည်းလမ်းကို စဉ်းစားနိုင်ကြမှာ ပေါ့”
ဒေါ်မြစိန်ရဲ့စကားအဆုံး အောင်အောင်လည်း ခေါင်းတစ်ချက် အသာညိတ်ရင်း သက်ပြင်းရှိုက်လို့ အားယူပြီး ပြောရှာတယ်။
”အစာအိမ်ကင်ဆာတဲ့”
”ဘာရယ် အစာအိမ်ကင်ဆာ ဟုတ်လား”
ဒေါ်မြစိန်နဲ့အိမွန်တို့ နှစ်ယောက် အောင်အောင့်စကား ကို သံယောင်လိုက်ရင်း အထိတ် တလန့်ဖြစ်နေကြသလောက် ကိုမောင်ကြီးကတော့ အေးအေးပါပဲ။ တစ်စုံတစ်ရာကိုကျေနပ်တဲ့အရိပ် အယောင်နဲ့ ပြုံးများတောင် နေလိုက် သေး။
”ငါကတော့ မင်းကို ဆေးရုံ တက်ကုစေချင်တယ်။ ဟိုမှာက ဘာပဲပြောပြော ခေတ်မီဆေးဝါးတွေ၊ စက်ကိရိယာတွေနဲ့ဆိုတော့ မင်း ဝေဒနာ သက်သာဖို့လမ်းရှိတာပေါ့။ ကံကောင်းရင်အရှင်းပျောက်ချင် တောင် ပျောက်သွားမှာ”
အောင်အောင်ကတော့ သူငယ် ချင်းဖြစ်သူအတွက် မျှော်လင့်ချက် ရေးရေးကို ဆုပ်ကိုင်ချင်နေသေး တာ။
”သေမင်း တံဆိပ်ခတ်နှိပ်ထား ပြီးမှတော့ ဘာဖြစ်လို့ပိုက်ဆံသွား ဖြုန်း နေတော့မှာလဲ သူငယ်ချင်းရယ်၊ ငါ့ကြောင့် အမေနဲ့မင်းတို့ကိုယ်စိတ် နှစ်ပါး ဆင်းရဲပင်ပန်းကြမှာကို ငါမလိုလားဘူး”

ဘယ်လိုပြောပြော ဆေးရုံတက် ကုမှာမဟုတ်တဲ့ ကိုမောင်ကြီး အကြောင်းသိထားတော့ အောင် အောင်လည်း မတတ်သာပါဘူး။ ဒါပေမဲ့ သူငယ်ချင်းကို ပေယျာလကန် မထားရက်ပြန်တော့ သူနာ ပြုနှစ်ယောက်ကို မရအရငှားပြီး မနက်ညတစ်လှည့်စီ စောင့်ကြည့် ပြုစုစေလို့ မိဘတွေလက်ထက် ကတည်းက ခင်မင်ရင်းစွဲရှိခဲ့တဲ့ သူတို့မြို့လေးရဲ့ဆေးရုံအုပ်ကြီးကို လည်း အနူးအညွတ်တောင်း ပန်ပြီး ရက်ခြားဆိုသလို လာရောက်ကြည့်ရှု ကုသစေခဲ့ပါတယ်။

(၄)
ရောဂါအဖြေသိပြီး နှစ်လနီးပါး လောက်မှာ ကိုမောင်ကြီးဆုံးတယ်။ မဆုံးခင် တစ်ရက်အလိုမှာ အောင် အောင့်ကို အနားခေါ်လို့ တိုးတိုးမှာ ရှာတယ်။ ဒီတော့မှ အောင်အောင် လည်းသူငယ်ချင်းရဲ့ ရင်တွင်းခံစား ချက်ကိုသိရပြီး မချိတင်ကဲနဲ့ ကိုမောင်ကြီးမှာတာတွေကို အစွမ်း ကုန်ဆောင်ရွက်ပေးပါ့မယ်လို့ ကတိ အထပ်ထပ်ပေးလိုက်တယ်။ကိုမောင်ကြီးရဲ့နာရေးဖိတ်စာ တွေ ဝေတော့ အမှုမဲ့နေတဲ့သူတွေ မတွေ့ကြပေမယ့် စေ့စေ့စပ်စပ်ဖတ် ကြသူတွေက တွေ့ကြတယ်။ ဒီနာ ရေးဖိတ်စာက အဆန်းပါလားပေါ့။ အရင်ကနာရေးဖိတ်စာတွေမှာဆို ဘယ်သူဘယ်ဝါ၊ အသက်ဘယ်နှနှစ်၊ ဘယ်နေ့၊ ဘယ်လ၊ ဘယ်ခုနှစ်တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန် သည်လို့ပဲ အစဉ်အဆက်စာစီခဲ့ကြ တာပါ။ ခုကျမှကိုမောင်ကြီး အသက် ၃၄ နှစ် ၁၃၇၃ ခု တန်ခူး လဆန်း ၄ ရက်နေ့တွင် အစာအိမ် ကင်ဆာရောဂါဖြင့် ကွယ်လွန်သည် လို့ စာစီထားတာကို ဒီလိုနဲ့ ဒေါ်ပိန့် ပါးစပ်သတင်းကြောင့်ကိုမောင်ကြီး အေကိုက်နေတာလို့ သိထားယုံကြည် ထားကြသူတွေလည်း စုတ်တသတ် သတ်နဲ့ပေါ့။ ”ကိုမောင်ကြီးက အစာ အိမ်ကင်ဆာဖြစ်တာပါဟယ်” ”ထင် တော့ထင်သားကိုမောင်ကြီးလိုရိုးရိုး အေးအေးနေတဲ့လူက အေကိုက် တယ်ဆိုတာ မဟုတ်လောက်ပါဘူး လို့” ဘာညာပေါ့။ ဖိတ်စာမဖတ်လိုက် ရတဲ့သူတွေလည်း အသုဘချတဲ့နေ့ မှာဝေတဲ့ယပ်တောင်ပေါ်ကစာတွေ တွေ့တော့ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်ဆိုတာ သိသွားကြပါတယ်။ လော်စပီကာ၊ မီဒီယာဒေါ်ပိန်ခမျာ လည်း မျက်နှာငယ်လေးနဲ့ ဒေါ်မြစိန် နားကပ်လို့တိုးတိုးတောင်းပန်ရှာ တယ်။

”ကျွန်မကိုခွင့်လွှတ်ပါ  အစ်မ ရယ်၊ မောင်ကြီးကို ကျွန်မအထင်နဲ့ ပြောခဲ့မိတာတွေအတွက် တကယ် စိတ်မကောင်းပါဘူး”
ဒေါ်မြစိန်ကလည်း သားဖြစ်သူ အတွက် အချိန်မီမဟုတ်တောင် အချိန်ကိုက် သိက္ခာဆည်လိုက်နိုင်လို့ ”ရပါတယ်အေ” ပေါ့။ အောင်အောင် ကတော့ ဖိတ်စာနဲ့ယပ်တောင်အပြင် အုတ်ဂူရဲကျောက်ပြားပေါ်မှာပါ     ”အစာအိမ်ရောဂါဖြင့် ကွယ်လွန် သည်” ဆိုတဲ့ စာသားကို တကူးတက ထည့်ပေးလိုက်သေးတာ။နောက်ပိုင်း သိပ်မကြာပါဘူး။ သူတို့မြို့လေးမှာ ပေါ်ပေါက်တဲ့ နာရေးတွေရဲ့ ဖိတ်စာယပ်တောင်နဲ့ အချို့ငွေကြေးတတ်နိုင်သူတွေရဲ့ အုတ်ဂူကမ္ပည်းစာသားတွေမှာ

”ဘယ်လိုကင်ဆာရောဂါဖြင့် ကွယ် လွန်သည်” ”သွေးတိုးရောဂါဖြင့် ကွယ်လွန်သည်” ”နှလုံးရောဂါဖြင့် ကွယ်လွန်သည်” အစရှိသဖြင့် ကွယ် လွန်သွားသူများရဲ့ ရောဂါအမည်ကိုထည့်သွင်းလာခဲ့ကြတယ်။ ဒါပေမဲ့ ကိုမောင်ကြီးလို အမှန် အကန်ဟုတ်၊ မဟုတ်ဆိုတာကတော့ ကာယကံရှင်နဲ့ မိသားစုအသိုင်း အဝိုင်းကလွဲပြီး ဘယ်သူသိတာ မှတ်လို့နော့…။

ကျော်မောင်မောင်ဟန်


Viewing all articles
Browse latest Browse all 212

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)