Quantcast
Channel: ရသ၀တ္ထုတို – Yati Magazine
Viewing all articles
Browse latest Browse all 212

ငယ်ချစ်ဦး

$
0
0

တဖြောင်းဖြောင်း နဲ့ အရိုက် ခံရတာ ခေါင်းတွေရော၊ ကျောတွေရော၊ ကုတ်တွေရောပဲ။ တစ်ကိုယ်လုံး ပူထူနေလို့ နာမှန်းတောင် မသိတော့ဘူး။ ကျောင်းခန်းထဲ မှာ စာသင်နေတုန်း ကဗျာခိုးရေးမှု နဲ့ အပြစ်ပေးခံ ရ တာလေ။ တစ်ခန်းလုံးက ကိုယ့်ကို သနားတဲ့ အကြည့် နဲ့ ကြည့်နေကြပေမယ့် ကိုယ်ကတော့ ခပ်ပေပေတေတေ မို့ တစ်စက်ကလေးမှ မငို။ မတုန်မလှုပ်။ ကိုယ်နှစ်သက်တဲ့ အလုပ်ကြောင့် ခံရတဲ့ အပြစ်ဒဏ်မို့ ရင် မနာနိုင်တော့ ပါဘူးလေ။ တစ်ခုပဲ အပြစ်နဲ့ ဒဏ်ခတ်တာ တန်ရဲ့လားလို့ ပါ။ ငါးတန်းကျောင်းသူ တစ်ယောက် ကို လူ အများရှေ့မှာ အဆက် မပြတ် ရိုက်ခဲ့တဲ့ ဆရာမ ကိုတော့ တခြား ကလေးတွေကို ဒီလို မဆုံးမဖို့ စိတ် ထဲ က တောင်းဆိုနေမိတယ်။

ကဗျာကို ဘယ်အချိန် ကတည်း က စဝါသနာပါလဲ ဆိုရင် စာရေးတတ်ခါစ ကတည်းကပဲလို့ ဆိုရမှာ ပါ။ ကိုယ်ငယ်ငယ်က ပထမဆုံးစရေး တဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ (ကိုယ့်ဟာကိုယ်တော့ ဒါကို ကဗျာလို့ ပဲ သတ်မှတ် လိုက်တယ်။
”မင်ဟာလူစိုးလေး
မင်ဟာတမျှလေး
ကိုရဲ့အချစ်ကိုမကူညီနိုင်ဘူး လား။
အီးတုန်းလေးနဲ့ ပစ်လိုက်မယ်
ချီးတုံးလေးနဲ့ ပစ်လိုက်မယ်
မင်ကိုပေသွားလိုက်မယ်” (၂.၉.၉၃) တဲ့။

ကဲ ဘယ်လောက်ကောင်းတဲ့ ကိုယ့်ကဗျာလဲ။ ဘယ်သူကမှ ကဗျာ တစ်ပုဒ်လောက်ရေးပါလို့ မတိုက်တွန်းပဲ ရေးခဲ့တာ။ ဗီဇက မနေသာ ခဲ့ဘူးလေ။ သုံးလေးတန်းမှာ အဖေ တို့သူငယ်ချင်းတွေ ငယ်ငယ်က စုထုတ်တဲ့ ကဗျာ စာအုပ်ကို ပထမဆုံး ရင်းနှီးခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒါဟာ ကဗျာပါလို့လည်း မသိဘူး။ ကဗျာ ဆိုတာ ဘာလဲ ဆိုတာလည်း နားမလည်သေးဘူး။

”မချစ်သော အချစ်ကိုလည်း
ချစ်ခဲ့ဖူးပါပြီ။
မမုန်းသောအမုန်းကိုလည်း
မုန်းခဲ့ဖူးပါပြီ”။

ဆိုပြီး သားကြီးမောင်ဇေယျရဲ့ ကဗျာကို လွှမ်းမိုးသီချင်းသံစဉ်ထည့် ပြီး သီချင်းလုပ်အော်ခဲ့သေးတာ။

”လာတုန်းကလည်း တစ် ယောက်တည်းနော်
လက်တွဲခေါ်ကာ အဖော်မပါ ဘူး”

ဆိုတဲ့ ‘ဧည့်သည်’ ကဗျာကို  ဇော်ဝင်းထွဋ်ရဲ့ဟန်နဲ့ Rock  သံစဉ် လုပ်ပြီး ဆိုခဲ့သေးပြန်ရော။

ငါးတန်းလောက်ရောက်တော့ အစ်မ ကူးထားတဲ့ ကဗျာတွေကို ခံစားတတ်လာပြီ။ နိမိတ်ပုံ ဆိုတာ သိလို့မဟုတ်ဘူး။ ကာရန် ဆိုတာ နားလည်လို့ မဟုတ်။ ကဗျာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်မှ၊ ကဗျာရေး တတ်မှ ကဗျာကို ခံစားလို့ ရတာမဟုတ်ဘူးလေ။ ဒါ အနုပညာ ရဲ့ ထူခြားချက် ပဲထင်ပါရဲ့။ နောက် တော့ အစ်မ လုပ်သူက ကဗျာတွေ မတောက်တခေါက် ရေးတယ်။ အကြီး လုပ်သမျှ နောက်က လိုက်လုပ် တတ်တဲ့ အငယ်တွေ ရဲ့ထုံးစံ အတိုင်း ကိုယ်လည်း ကဗျာတွေ လိုက်ရေးတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်နေလဲ ဆိုတော့ သူ့ကဗျာနဲ့ စကားလုံးရော၊ အကြောင်းအရာရောက သိပ်မကွာဘူး။ ဖတ်ကြည့်တာ နဲ့ နောက်က လိုက်ရေးမှန်း သိပ်သိသာတယ်။ စိတ်ဓာတ်တော့ မကျပါဘူး။ ကော်ပီ ဆိုတာ အဲဒီခေတ် ကတည်းက ရှိနေ တာပဲကို။

ခုနစ်တန်း၊ ရှစ်တန်းမှာ ကဗျာတွေ တော်တော် များများရေးနေပြီ။ ကိုယ့် ကျောင်းစာအုပ် နောက်ကျောတွေမှာ ဘယ်တော့မှ နေရာလွတ် ဆိုတာ မရှိဘူး။ ကဗျာတွေ အကြမ်း စပ်ထားတာလေ။ ဆရာ တစ်ယောက် ယောက် များ စာအုပ် စစ်တော့မယ် ဆို ပြာပြီသာမှတ်။

ကဗျာပြိုင်ပွဲ တော်တော်များ များလည်း ပြိုင်ခဲ့သေးတယ်။ ကျောင်းအဆင့် ကဗျာ ပြိုင်ပွဲသာ မကဘူး။ မြို့နယ် အဆင့်၊ တိုင်း အဆင့် အထိပါ ကဗျာတွေ ပြိုင်ခဲ့ တယ်။ ဘယ်ကဘယ်လို မျက်စိလည် ပြီး ပေးတယ် မသိ ဘူး။ ဆုတစ်ခုခု တော့ အမြဲရတယ်။ အိမ်မှာရှိတဲ့ ဆုတံဆိပ်တွေ အားလုံး၊ ဆုကတ်ပြား တွေ အားလုံး ကျောင်းစာ နဲ့ရတာ တစ်ခုမှ မရှိဘူး။ ကဗျာ ဆုတွေချည်း ပဲ။

ကဗျာတွေရေးတဲ့ ကိုယ်ဟာ ကျောင်းမှာ အတော်ကို မျက်နှာပွင့်ခဲ့ တာ။ အတန်းထဲမှာရှိတဲ့ ယောက်ျား လေးတွေအားလုံး ကိုယ့်အနားမှာ ဝိုင်းလို့။ တခြားတော့ မဟုတ်ဘူး။ သူတို့ ကြိုက်တဲ့ ကောင်မလေးတွေ အတွက် ကဗျာတွေ ရေးခိုင်းတာလေ။ တစ်ခါတလေ တခြား အတန်းကသူ တွေကတောင် လှမ်းအော်ဒါမှာသေးတာ။ သူများ အတွက် အချစ်ကဗျာ တွေ အများကြီး ရေးပေးခဲ့ပေမယ့် ကိုယ့်အတွက်တော့ ဘာကဗျာ တစ်ပုဒ် တလေ မှ အရေးမခံခဲ့ရပါဘူး လေ။

ကဗျာတွေ ရေးတယ်လို့သာ ပြောပေမယ့် ကိုယ့်ကဗျာတွေဟာ တကယ် ကဗျာပီသရဲ့လားဆိုတာ မသိ။ ကဗျာရဲ့သဘော သဘာဝတွေ လည်း နားလည် သေးတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကဗျာကို ချစ်တဲ့ စိတ် ကတော့ အပြည့် အဝပါပဲ။
တက္ကသိုလ် ရောက်တော့ ရသ စာပေ အထူးပြု ဘာသာရပ်ကို ယူ တယ်။ သီရေတာထဲမှာ တခြားဘာသာရပ်တွေ သင်နေတုန်း ကဗျာတွေ ခိုးရေးခဲ့သေးတာ။ ဗီဇ ဆိုတာဖျောက်ဖျက်ပစ် လို့မှ မရဘဲကိုး။ နောက်ပြီး အကျဉ်း အကျပ်ထဲမှာ ရေးရတဲ့ ကဗျာတွေက ခံစားမှု ပိုထိတယ်ဆို တာ ထောက်ခံသူတွေ အများကြီး ရှိမှာပါ။

ကျောင်းမဂ္ဂဇင်းထဲမှာ ပါလာတဲ့ ကိုယ့် ကဗျာတွေကို ကျောင်းသူ တချို့ဆို စာအုပ် ထဲမှာတောင် ကူးရေးရဆိုပဲ။ ရိုးရှင်းတဲ့ရေးဟန် ကြောင့် ဖတ်သူတိုင်း နားလည်တဲ့ အတွက် ကျောင်းသူတွေကြားမှာ နေရာရ ခဲ့တာ မဆန်းပါဘူး။ ရှင်းရှင်း ပြောရရင် ဘာပညာသားမှ မပါဘူး ပေါ့။
ကျောင်းမှာ သင်ရတဲ့ ရှေးကဗျာ တွေက စကားလုံး အရမ်းကျစ်တယ်။ တစ်ခါတလေ စကားစု တစ်ခုလုံးစာ ကို စကားလုံးလေး တစ်လုံးတည်းပဲ သုံးတယ်။ ရတု တစ်ပုဒ်မှာဆိုရင် …
”ဘုန်းနေကွန့်၍၊ ဖြူညွန့် ဆယ်ကျိပ်၊ မင်းဖျားထိပ်ကို၊
စက်ရိပ်ခေါင်မွှန်း၊ ပြောင် ပြောင်ထွန်းသော…” လို့ စပ်ဆို ထားပုံက စကားလုံးတိုင်း မှာ အဓိပ္ပာယ် တစ်ခုစီ ရှိနေတယ်။ ခုခေတ်နဲ့ ကြည့်ရင်လည်း တချို့ စကားလုံးတွေကို နားမလည်ပြန်ဘူး။ အဲဒီ ကဗျာတွေကို ကျက် ရမှာ ပျင်းလို့ ကိုယ် အမြဲတမ်းပြောတယ်။ ရှေးကဗျာတွေက အခုခေတ် နဲ့ကြည့် ရင် မော်ဒန် ကဗျာတွေလိုပဲလို့။ တကယ်တော့ အပျင်းကြီး တာက အဓိက ကျမယ် ထင်ပါရဲ့။

ကိုယ်က ကဗျာရေးရမှာသာ ဝါသနာပါတာ ကျက်ရမယ် ဆိုရင် သိပ်ပျင်းတာ။ အဲဒီထဲကမှ ထူးထူး ခြားခြား အခုထိ မှတ်မိနေတဲ့ ရှေးကဗျာ တစ်ပိုဒ်ရှိတယ်။

”တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊
မရမ်းဖက်၍၊ တိမ်သက်တံ ရောင်၊ အဝါဘောင်ဝယ်၊
မှောင်ခဲ့တစ်ခါ၊ ပြာခဲ့တစ်ချို့၊ ညို့ခဲ့တစ်လီ၊
ရီခဲ့တစ်ဖုံ၊ မှုံခဲ့တစ်ချက်၊ ယုဂန် ထက်က” ဆိုတဲ့ ရှင်ဥတ္တမကျော်ရဲ့ တောလား ကဗျာတစ်ပိုဒ်ကတော့ အလွတ် ရနေခဲ့တယ်။ ဒါတောင် ကိုယ်ငယ်ငယ်က အဘွားလုပ်သူ သင်ပေးခဲ့လို့၊ တစ်ချိန်လုံး အော်ခိုင်းခဲ့ လို့ရတာ။ ဒီကဗျာ ကို ဆိုရတာ ကောင်းလို့ ရနေတာဆိုရင် ကဗျာမှာ အသံကလည်း အဓိက ကျနေပြန်ရော မဟုတ်လား။ (ဆရာ မင်းသုဝဏ်က လည်း ပြောခဲ့ဖူးပါတယ်။) ဒါဆို အခုခေတ် ကဗျာတွေမှာရော အသံ ရှိလား ။ မေး စရာတွေ ဖြစ်လာတယ်။ အကြောင်းအရာနဲ့ အတွေးအခေါ် ကို ဦးစားပေး ရေးဖွဲ့တဲ့ ကဗျာမျိုးဟာ ကောင်းပါတယ်။ ဒါပေမဲ့ နားတော့ မစွဲဘူးပေါ့။ အခုချိန်ထိ ကိုယ်တို့ဟာ ရှေးကဗျာတွေ၊ ခေတ်စမ်း ကဗျာတွေ ကိုသာ မလွတ်တမ်း ရွတ်နေရတုန်းပဲ မဟုတ်လား။ ဒါဟာ အသံရဲ့ ဆွဲဆောင်မှုကြောင့် ဆိုရင် မမှား လောက်ပါဘူး။

ကိုယ်ဟာ ကျန်တဲ့ရှေးကဗျာ တွေတော့ ရင်းနှီးအောင် မကြိုးစား ခဲ့ဘူး။ အဲဒါကြောင့် အပျော်တမ်း ကဗျာရေးသူ အဆင့်ကနေ မတက် နိုင်ခဲ့တာဖြစ်မယ်။
ခေတ်စမ်း ကဗျာတွေကိုတော့ သဘောကျတယ်။ ဆရာ မင်းသုဝဏ် ရဲ့ ‘သူ့မှာတမ်း’၊ ဆရာဇော်ဂျီရဲ့ ‘ပိတောက်ပန်း’ ကဗျာတွေဆို နားလည်လွယ်ပြီး ခံစားမှု ကလည်း အပြည့်ပဲ။ ကာရန် စနစ်တွေကို လျှော့ပြီး အကြောင်း အရာကို ဦးစား ပေးဖွဲ့လာတဲ့ အတွက် လူတန်းစား မရွေးဖတ်လို့ရတဲ့ ကဗျာမျိုးလို့ ဆိုရမယ် ထင်တယ်။ ဒါပေမဲ့လည်း ကိုယ် ကတော့ ခေတ်စမ်း ကဗျာတိုင်းကို လေ့လာတာ မဟုတ်ဘဲ ကိုယ်ကြိုက် တာလေး ရွေးဖတ်နေတော့ စာမစုံ တော့ဘူးပေါ့။

ကဗျာ သင်တဲ့ ဆရာက ”ညည်း …ရှေးကဗျာတွေ အဖတ်အား နည်းတယ်” လို့ပြောရင် ”သမီးက creative writing ကျောင်းသူလေ၊ စာပေ ဖန်တီးမှု အတတ်ပညာကို လေ့လာတာ” လို့ ဆင်ခြေပြန်ပေး တတ်သေး တယ်။ တကယ်တော့ ရသစာပေမှာ ကဗျာဟာ နံပါတ်တစ် ပဲဆိုတာ ကိုယ် မသိတာလည်း မဟုတ်။ ရသ ကိုးပါးကိုတောင် ”ချစ်ခင်သနား တည်ကြားကြမ်း ကြုတ်စက်ဆုပ် အံ့သြ” ဆိုပြီး ကဗျာ နဲ့ပဲ မှတ်ခဲ့ရတာ မဟုတ် လား။ နည်းနည်းလေး စောဒကတက် လိုက်ရမှ ကျေနပ်တဲ့ အကျင့်ကြောင့် ဒီလိုပြော မိတာလေ။ ဘာပဲဖြစ်ဖြစ် ကဗျာကို ပိုပြီး ရင်းနှီးအောင် မကြိုးစားဘဲ ခပ်စိမ်းစိမ်း နေခဲ့မိတယ်။ သူငယ်တန်း တုန်းက တစ်ခုံ တည်း ထိုင်ပြီး အတန်းပြောင်းသွားတဲ့ သူငယ်ချင်း လို တဖြည်းဖြည်း အနေဝေးခဲ့ရ တယ်။

ကျောင်းသင်ခန်းစာတွေ ဖြစ်တဲ့ ဝတ္ထုတို သဘောတရားတွေ၊ ရသ စာတမ်း(ခေါ်) အက်ဆေးရေးနည်း တွေ သင်ရတဲ့အခါ ကိုယ်ဟာ ဝတ္ထုတိုတွေ၊ အက်ဆေးတွေကို ချည်းကပ်ဖို့ ကြိုးစားပြန်တယ်။ အချိန် တို လေး အတွင်းမှာပဲ ငယ်ပေါင်းကြီး ဖော်တွေလို ရင်းနှီးသွားတယ်။ ဝတ္ထု တို၊ အက်ဆေး စတဲ့ စာအုပ် အပုံတွေ ထဲမှာ ကြီးပြင်းလာရတဲ့ ကိုယ့် အတွက် သူတို့နဲ့ ခင်မင်မှုက တစ်နေ့ တခြားပိုပိုလာတယ်။
ကျောင်း မဂ္ဂဇင်းတွေမှာ လည်း ဝတ္ထုတိုလေးတွေ အရွေးခံရတယ်။  ဒါပေမဲ့ အက်ဆေးကို ရေးရတာ ပိုအားသန်တဲ့ အတွက် ကိုယ့်စာမူ တွေက အက်ဆေးဆန်တဲ့ ဝတ္ထု၊ ဝတ္ထုဆန်တဲ့ အက်ဆေးလို့ ခေါ်ရ မလား မသိဘူး။ ဆရာ တစ်ယောက် ကတော့ ကိုယ့်ရေးဟန်က ရိုးတယ်။ အဖွဲ့အနွဲ့နည်းတယ်။ မာယာ မပါဘူး။ ဒါကြောင့် အက်ဆေးနဲ့ ပိုလိုက်တယ်တဲ့။ ကဗျာဆိုတာ တစ်ခါ တလေ မာယာ များရတယ်။ လျှို့ဝှက်တယ်။ နင့်မှာ ကဗျာ မာယာမရှိဘူး တဲ့။

မှန်ပါတယ်။ ကိုယ့်ရဲ့ အနုပညာ ဝါဒကတော့ အနုပညာ ပစ္စည်းတစ်ခု ကို ဖန်တီးတဲ့ နေရာမှာ လူတန်းစား မရွေးခံစားနိုင်တဲ့ အရာ ဖြစ်ရမယ် ဆိုတာပါပဲ။ ကိုယ်တိုင်လည်း သွယ်ဝိုက်ထားတဲ့ အနုပညာမျိုးကို မဖန် တီး တတ်ဘူး။ မခံစားတတ်ဘူး။ စာပေနဲ့ ပတ်သက်လို့ ဝါနုသေးလို့ပဲ လားမသိ။ အဖွဲ့အနွဲ့တွေကိုမှ ဖတ် ချင်သူတွေ အတွက်တော့ ကိုယ့်စာ တွေက သာမန် စာစီစာကုံး တစ်ပုဒ်လို ဖြစ်နေမယ်ထင်ပါရဲ့။
တက္ကသိုလ် မှာလည်း အတန်း ကြီးလာတာ နဲ့အမျှ ကဗျာတွေအာဂုံ ဆောင်ရတာမျိုး မရှိသလောက် ရှားသွားတယ်။ စာပေသဘောတရား တွေသာ အဓိက ထားသင်တော့ တယ်။ ဆရာဇော်ဇော်အောင် ရဲ့”ဇော်ဇော်အောင့် ဖတ်စာ” စာအုပ်ကတော့ တစ်နှစ်ပတ်လုံး ရဲ့ ပေပါ တစ်ခုပါပဲ။ တစ်ချိန်လုံး ဆရာ့ စာအုပ်ကြီး တကိုင်ကိုင် နဲ့ လုပ်နေလို့ ကျောင်းက အစ်ကို တစ်ယောက်ကတောင် ”နင် ဆရာဇော့်ကို သူ့ဖတ်စာ စာအုပ်ပြန် ပေးလိုက်ဦး။ ဆရာလည်း စာမေးပွဲ ဖြေရဦးမှာပေါ့” ဆိုပြီး နောက်ယူရ တယ်။

အက်ဆေး သင်တဲ့ ဆရာဦးဌေးလွင်ကလည်း အသင်ကောင်းတော့ အက်ဆေးကို ပိုပိုကြိုက်လာတယ်။ မဟာတန်း အတွက် ကျမ်းရေးတော့ တောင် ရသ စာတမ်းနဲ့ ပတ်သက်တဲ့  ကျမ်းကို ရေးခဲ့သေးတာ။ လောလော ဆယ် အကြိုက်ဆုံး အက်ဆေးက တော့ ဆရာအောင်သင်းရဲ့ ‘ရန်လုံ့ အိမ်’ ပဲ။ တကယ့် အက်ဆေးအရသာ မှာ အချို၊ အချဉ်၊ အငန်၊ အစပ် ကွက်တိပဲ။ အပိုအလိုတစ်ခုမှ မပါ ဘူး။

စကားလုံး အကြီးကြီးတွေ အများကြီးပါတဲ့ အက်ဆေးကိုလည်း မကြိုက်ဘူး။ အတွေးအခေါ်တွေ တစ်ပုံတစ်ပင်ကြီး ပါတဲ့ အက်ဆေး တွေလည်း ခံစားလို့ မရဘူး။ စာဖတ် သူနဲ့ စာရေးသူ မရင်းနှီးတော့ဘူးလို့ ခံစားရ တယ်။ တကယ်တော့ အက်ဆေး ဆိုတာ စာရေးသူ နဲ့ စာဖတ်သူ  ရင်းရင်းနှီးနှီး စကားထိုင်ပြောနေရ သလို ခံစားမှုမျိုး ရရင်တော့ အကောင်းဆုံး ပဲလို့ ထင်တယ်။ ဒါကြောင့်လည်း ဆရာကြီး တိုက်စိုး က အက်ဆေး ဆိုတာ ရင်ဖွင့်စာ လို့ ပြောတာပေါ့။

ဝတ္ထုရှည်တွေလည်း တော်တော်များများတော့ ဖတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်က ကိုယ်ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်တွေ ကိုပဲ အသည်းအသန် ဖတ်ပြီး စိတ်ထဲ သိပ်သဘော မတွေ့တဲ့ စာမျိုးဆို လက်ရှောင် တတ်တယ်။ ကြာတော့ စာမစုံတော့ဘူးပေါ့။ ကဗျာတွေက တော့ အဆက်ပြတ်နေတာ အတော် ကြာပြီလေ။

အခုတလော စာအုပ်တွေကို မက်မက်မောမော ပြန်ရှာဖတ်နေမိတယ်။ စာအုပ်မျိုးစုံ ရှိတဲ့ ကိုယ်တို့ အိမ်မှာတင် မလုံလောက်ချင်ဘဲ စာအုပ်ဟောင်းတွေ အများဆုံး ရှိတဲ့ နေရာတွေကိုပါ သွားရှာဖွေ ဖတ်တယ်။ ပန်းဆိုးတန်း စာအုပ် အဟောင်းတန်း ဆိုတာ ပထမနှစ် ကျောင်းသူ ဘဝ ကတည်းက ကိုယ် သွားရတဲ့ နေရာမျိုးပါ။ ကိုယ့်အတွက်တော့ စာကြည့်တိုက်ကြီးပါပဲ။ ကိုယ်တို့ ရသ စာပေ ဘာသာရပ် က အ သစ် ဖြစ်နေတော့ ပေပါ တော်တော် များများ အတွက် ဖတ်စာအုပ် ဆိုတာ မရှိဘူး။ စာရေးဆရာတွေရဲ့ စာအုပ်တွေက သင်ရိုး ဖြစ်ပြီး အဲဒီ သင်ရိုးတွေ ရှိတဲ့နေရာက စာကြည့်တိုက်တွေ နဲ့ စာအုပ် အဟောင်း ဆိုင်တွေ ဖြစ်နေတတ်တယ်။

တစ်နေ့က စာအုပ်အဟောင်း ဆိုင်တွေသွားရင်း ကြည့်ရင်း စာအုပ် အဟောင်း တော်တော်များများ ဝယ်ဖြစ်ခဲ့တယ်။ ကိုယ်ဖတ်ချင်တာ မှန်သမျှရယ်၊ ကိုယ်ဝယ် သင့်တယ် ထင်တဲ့ စာအုပ် မှန်သမျှရယ်ပေါ့။ တစ်ခါတလေ စာရေးသူကို လေးစား လို့ ဝယ်ခဲ့တာမျိုးလည်း ရှိတယ်။ ဥပမာ လက်ရေး ကဗျာစာအုပ် ကလေးတွေပေါ့။

စာအုပ်တွေ ဖတ်မယ် ဆိုပြီး ကိုယ်ဝယ်လာတဲ့ စာအုပ်ထုပ်ကို ဖြန့် အကြည့်မှာ ငယ်ချစ်ဦး တစ်ယောက် ကို ပြန်တွေ့ရသလို ခံစားချက်မျိုး ဖြစ်ရတယ်။ သူကတော့ ကိုယ့်ကို မမှတ်မိတော့ဘူး။ ကိုယ်ကလည်း သူ့ကိုရေးရေးတေးတေးပဲ မှတ်မိ တယ်ဆိုတဲ့ အနေအထား မျိုးပေါ့။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ကြည့်မယ် လေလို့ ကြိုးစားပေမယ့်လည်း မရ ဘူး။ သူကတော့ သူစိမ်း တစ်ယောက် လိုပဲ ကိုယ့်ကို မြင်လေဟန်တောင် မရှိ။
တခြားသူ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အချစ်ဦး၊ ကိုယ့်ရဲ့ ငယ်ချစ်ဦး၊ ပထမဆုံး ချစ်ရတဲ့သူ ကဗျာလေ။ ကိုယ့်ကို ခပ်စိမ်းစိမ်း ကြည့်လို့။ တော်တော်လေး တုန်လှုပ် ခြောက်ခြားသွားတယ်။ ငယ်ငယ်ကတည်း က နှစ်နှစ် ကာကာ မြတ်နိုးလွန်းလို့ ဂရုတစိုက် နေခဲ့ပြီးကာမှ တခြား စိတ်ဝင်စားစရာ တွေတွေ့ပြီး သူ့ကိုမေ့နေခဲ့တာ။ သူ့ကိုပြန်တွေ့တော့ ငယ်ငယ် က ချစ်ခဲ့ရတာတွေကို ပြန်သတိရမိတယ်။ မခွဲမခွာ တတွဲတွဲ ရှိခဲ့တာ ကို အောက်မေ့မိတယ်။

ဝယ်လာတဲ့ ကဗျာ စာအုပ်လေး ကိုကိုင်ရင်း အထပ်အထပ် အခါခါ ဖတ်ကြည့်တယ်။ ကိုယ် တော်တော် လန့်သွားတယ်။ ကဗျာတွေကပဲ မြင့်သွားတာလား။ ကိုယ်ကပဲ ကဗျာ ဥာဏ်မမီတာလား။ ဘယ်လိုပဲဖြစ် ဖြစ် ငယ်ကချစ် အနှစ်တစ်ရာ မမေ့ သာဆိုသလို ကဗျာကို ခဏ တစ်ဖြုတ် မေ့ထားမိတာပါ။ တစ်သက်လုံး မေ့ပစ်လိုက်ဖို့ ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကဗျာနဲ့ စခဲ့တဲ့ ကိုယ့် အနုပညာဟာ ကဗျာသာ အချစ်ဦး။ ကဗျာသာ အချစ်ဆုံးပါ လေ။ ကဗျာ ဆိုတာ ကိုယ့်ရဲ့အချစ်ဆုံး မို့ ဘယ်နည်းနဲ့မဆို ရင်းနှီးအောင် ပြန်လုပ်ရမှာပဲ။ ကဗျာ နဲ့ပြန်လည် ရင်းနှီး ကျွမ်းဝင်ဖို့ကို ရှေးခေတ်မော်ဒန် ကဗျာတွေပဲ အရင် ပြန်လေ့လာ ရမလား။ အခုခေတ် မော်ဒန်ကဗျာ တွေပဲ အသဲအမဲ ဖတ်ရမလားဆိုတာ စဉ်းစားနေတုန်းပဲ။ ဘယ်လို ပဲဖြစ်ဖြစ် ကိုယ့်ငယ်ချစ်ဦး အဝေးကို ထွက် မသွားဖို့ အရေးကြီးတယ်လေ။

လောလောဆယ်မှာ ကိုယ့်အတွက် ကယ်တင်ရှင် ဖြစ်နိုင်တာကတော့ ဆရာ တက္ကသိုလ် ဘုန်းနိုင် ရဲ့ ‘လီရနာဂင်္ဂါ ဧရာဝတီ’ စာအုပ်ပဲ ဖြစ်မယ်ထင်ရဲ့။ အဲဒီ စာအုပ်ကို နှလုံး သားအထိ နားလည်အောင် ဖတ်လိုက်ရင်တော့ အချစ်ဆုံး ကဗျာ တစ်ယောက် ကိုယ့်ဆီပြန်ရောက် လာမယ် ထင်ရဲ့။

ယုယ


Viewing all articles
Browse latest Browse all 212

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)